ကိုဗစ်ကာကွယ်ဆေးထိုးခြင်းက ကိုယ်ဝန်ဆောင်တွေအတွက် ဘေးကင်းစိတ်ချရမှုဆိုင်ရာ စိုးရိမ်စရာ မတွေ့ရပါဘူး

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ COVID-19 ကာကွယ်ဆေးထိုးသင့်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (Centers for Disease Control and Prevention - CDC) က ဩဂုတ် ၁၁ ရက်နေ့မှာ ပြောထားပါတယ်။

COVID-19 ကာကွယ်ဆေးထိုးခြင်းက ကိုယ်ဝန်ဆောင်တွေမှာ ကိုယ်ဝန်ပျက်ကျမှုအန္တရာယ် မြင့်တက်လာတာမျိုး မတွေ့ခဲ့ရတဲ့ လေ့လာမှုအသစ်တစ်ခုကို အခြေခံပြီး အမေရိကန် CDC က ထိုသို့ ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ လေ့လာမှုအသစ်တွေ သို့မဟုတ် အစောပိုင်း လေ့လာမှုတွေအရ ကာကွယ်ဆေးထိုးခြင်းက ကိုယ်ဝန်ဆောင်တွေအတွက် ဘေးကင်းစိတ်ချရမှုဆိုင်ရာ စိုးရိမ်စရာ မတွေ့ရှိရဘူးလို့ CDC က ဆိုပါတယ်။



(Photo: Reuters)

COVID-19 ကာကွယ်ဆေးထိုးပြီးနောက် ကိုယ်ဝန်ပျက်ကျမှုနှုန်းဟာ ကြိုတင်မျှော်မှန်းထားတဲ့နှုန်းနဲ့ အတူတူပင်ဖြစ်တယ်လို့ CDC က ပြောပါတယ်။ ကိုယ်ဝန်ဆောင်တွေအတွက် Pfizer-BioNTech, Moderna သို့မဟုတ် Johnson & Johnson ကာကွယ်ဆေးတွေ ၃ မျိုးအနက် တစ်မျိုးမျိုးကို ထိုးနိုင်ကြောင်း အမေရိကန် CDC က အရေးပေါ် ခွင့်ပြုချက်ပေးထားပါတယ်။

အမေရိကန် CDC က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကာကွယ်ဆေးထိုးရန် ယခင်ရန် ထောက်ခံထားခဲ့ခြင်းမရှိဘဲ ၎င်းတို့ဟာ သက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ ဆွေးနွေးသင့်ကြောင်း ပြောထားခဲ့တာလည်း ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိနေစဥ်မှာ COVID-19 ရောဂါ ပြင်းထန်နိုင်တဲ့ အန္တရာယ်ပိုရှိကြောင်းနဲ့ ကိုယ်ဝန်ဆောင်တွေ COVID-19 ဖြစ်ပါက အချိန်မတိုင်မီ ကလေးစောမွေးတဲ့အန္တရာယ် ပိုမြင့်မားကြောင်း CDC က ဆိုပါတယ်။

ယခုအခါ အမေရိကန် CDC က ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ၊ ကိုယ်ဝန်ရရှိရန် ကြိုးစားနေသူတွေ သို့မဟုတ် မကြာမီ ကိုယ်ဝန်ရှိလာမယ့်သူတွေ အပါအဝင် အသက် ၁၂ နှစ်နဲ့အထက် လူအားလုံး COVID-19 ကာကွယ်ဆေးထိုးရန် ထောက်ခံပြောကြားလာကြောင်း Reuters သတင်းက ဖော်ပြထားပါတယ်။



က္က