ဝါရင့်နိုင်ငံရေးသမား အစ္စမေးလ်ဆာဘရီဟာ ၂၀၀၄ ခုနှစ်ကတည်းက လွှတ်တော်အမတ်ဖြစ်ခဲ့ပါ

မလေးရှားနိုင်ငံရဲ့ ကိုးဦးမြောက် ဝန်ကြီးချုပ်အဖြစ် United Malays National Organisation (UMNO) ပါတီမှ အစ္စမေးလ်ဆာဘရီယာကော့ဘ်ကို အတည်ပြု ခန့်အပ်လိုက်ကြောင်း သိရပါတယ်။

မလေးရှားဝန်ကြီးချုပ်သစ်အဖြစ် ယနေ့ (ဩဂုတ် ၂၀ ရက်) ခန့်အပ်ခံရတဲ့ အသက် ၆၁ နှစ်အရွယ် ဝါရင့်နိုင်ငံရေးသမား အစ္စမေးလ်ဆာဘရီဟာ ၂၀၀၄ ခုနှစ်ကတည်းက လွှတ်တော်အမတ်အဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။ ၎င်းဟာ ရှေ့နေတစ်ဦးဖြစ်ပြီး Southeast Pahang Development Authority (DARA) နဲ့ Malaysian Tourism Promotion Board အပါအဝင် အစိုးရဌာနတွေမှာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့ပါတယ်။



အစ္စမေးလ်ဆာဘရီဟာ ၁၉၈၇ ခုနှစ်မှစပြီး UMNO ပါတီ ဌာနခွဲကော်မတီအဖွဲ့ဝင် ဖြစ်လာခဲ့ပြီးနောက် တဖြည်းဖြည်း ပါတီတွင်း ရာထူးတိုးလာခဲ့ပြီး ၂၀၀၈ ခုနှစ်မှာတော့ UMNO ရဲ့ အာဏာအရှိဆုံး ကောင်စီအဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ ကလေး ၄ ဦးရဲ့ခင်ဖြစ်သူ အစ္စမေးလ်ဆာဘရီဟာ ၂၀၀၈ ခုနှစ်က ဝန်ကြီးချုပ်အဗ္ဗဒူလာအာမက်ဘာဒါဝီလက်ထက် လူငယ်နဲ့ အားကစားဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး အစိုးရအဖွဲ့မှာ ပါဝင်လာခဲ့ပါတယ်။

(အစ္စမေးလ်ဆာဘရီနှင့် ယာစင်) (Photo: Bernama)

ထို့နောက်ပိုင်းမှာ ၎င်းဟာ ပြည်တွင်းကုန်သွယ်ရေးနဲ့ စားသုံးသူအရေး၊ စိုက်ပျိုး‌ရေးနဲ့ စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်း၊ ကျေးလက်နဲ့ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးတို့မှာ တာဝန်ယူခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် မေလ အထွေထွေရွေးကောက်ပွဲမှာ Barisan Nasional (BN) ညွန့်ပေါင်းအုပ်စု ရှုံးနိမ့်ခဲ့ရာ မလေးရှားအစိုးရသစ်ကို Pakatan Harapan (PH) ညွန့်ပေါင်းအုပ်စုက ဖွဲ့စည်းခဲ့ပါတယ်။

အစ္စမေးလ်ဆာဘရီဟာ ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ လွှတ်တော်မှာ အတိုက်အခံခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် မတ်လမှာတော့ Pakatan Harapan (PH) ရဲ့ အစိုးရအဖွဲ့ကို လတ်တလော ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်သွားသူ ယာစင် ဦးဆောင်တဲ့ Perikatan Nasional (PN) ညွန့်ပေါင်းအုပ်စုက ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့နဲ့ အစားထိုးလိုက်ပါတယ်။

UMNO ပါတီ ဒုတိယဥက္ကဌ အစ္စမေးလ်ဆာဘရီဟာ ဝန်ကြီးချုပ်ယာစင်လက်ထက် အစိုးရအဖွဲ့မှာ ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့ပါတယ်။ ၎င်းဟာ COVID-19 ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ကို ဦးဆောင်ကြီးကြပ်ခဲ့ပြီး အဓိကကျတဲ့ ဝန်ကြီးတစ်ဦးအဖြစ် တာဝန်ယူခဲ့ပါတယ်။

(မလေးရှားဝန်ကြီးချုပ်ဖြစ်လာသည့် အစ္စမေးလ်ဆာဘရီ) (Photo: Reuters)

၂၀၂၁ ခုနှစ် ဇူလိုင် ၇ ရက်နေ့မှာတော့ ယာစင်က အစ္စမေးလ်ဆာဘရီကို လက်ထောက်ဝန်ကြီးချုပ်အဖြစ် ရာထူးတိုးမြှင့်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ဝန်ကြီးချုပ်ယာစင်ကို ထောက်ခံမှုအား UMNO ပါတီဘက်က ရုပ်သိမ်းလိုက်ရာမှအစပြုပြီး ဩဂုတ် ၁၆ ရက်နေ့မှာ Perikatan Nasional (PN) ညွန့်ပေါင်းအုပ်စုက ဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့ နုတ်ထွက်ခဲ့ပါတယ်။ အစိုးရအဖွဲ့ နုတ်ထွက်မှုနဲ့အတူ လစ်လပ်သွားတဲ့ ဝန်ကြီးချုပ်နေရာကို ရွေးချယ်ခဲ့ရာ UMNO နဲ့ BN တို့က အစ္စမေးလ်ဆာဘရီကို ထောက်ခံအဆိုပြုခဲ့ကြပါတယ်။

အစ္စမေးလ်ဆာဘရီကို ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ကြောင်း ဘုရင့်နန်းတော်က ယနေ့ ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်သစ် ဦးဆောင်တဲ့ အစိုးရအဖွဲ့က COVID-19 တိုက်ဖျက်ရေး အားထုတ်မှုတွေကို ချက်ချင်း ဆက်လက် လုပ်ဆောင်ကြရန် ထုတ်ပြန်ကြေညာချက်မှာ ဘုရင်က တိုက်တွန်းထားကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က