အံ့အားသင့်ဖွယ်နဲ့ လူသေဆုံးမှုများတဲ့ ရေကြီးမှုတွေ ဖြစ်ပေါ်လာခဲ့ရာ မိုးလေဝသခန့်မှန်းသူတွေနဲ့ ဒေသအာဏာပိုင်တွေ တုန်လှုပ်ခဲ့ရပါတယ်

ယခုနှစ် ဇူလိုင်လအတွင်း ဥရောပတလွှား လူအများအပြား သေဆုံးခဲ့တဲ့ ရေကြီးမှုတွေဖြစ်ပေါ်စေခဲ့တဲ့ မိုးသည်းထန်စွာရွာသွန်းခြင်းဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ပိုဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်တွေက သုံးသပ်ပြောကြားပါတယ်။

ဂျာမနီ၊ ဘယ်လ်ဂျီယံနဲ့ ဥရောပရဲ့ အခြားနေရာတွေမှာ ရေကြီးမှုကြောင့် အနည်းဆုံး လူ ၂၂၀ ဦး သေဆုံးခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်း ပူနွေးလာမှုက အနောက်ဥရောပမှာ ပုံမှန်ထက် ကိုးဆပိုများတဲ့ မိုးရွာသွန်းမှုတွေ ဖြစ်လာစေခဲ့တယ်လို့ သုတေသီတွေက ပြောပါတယ်။ လူတွေရဲ့ ပြုမူလုပ်ဆောင်မှုကနေ ပူနွေးလာခြင်းကြောင့် ဥရောပဒေသ မိုးရွာသွန်းမှုကို ၃ မှ ၁၉ ရာခိုင်နှုန်း ပိုမိုသည်းထန်စေခဲ့တယ်လို့ ဆိုပါတယ်။



(Photo: Getty Images)

ဇူလိုင်လအတွင်းက ဂျာမနီ၊ ဘယ်လ်ဂျီယံနဲ့ အခြား နေရာတွေမှာ အံ့အားသင့်ဖွယ်နဲ့ လူသေဆုံးမှုများတဲ့ ရေကြီးမှုတွေဖြစ်ပေါ်လာခဲ့ရာ မိုးလေဝသခန့်မှန်းသူတွေနဲ့ ဒေသအာဏာပိုင်တွေ တုန်လှုပ်ခဲ့ရပါတယ်။ ရေကြီးမှုတွေကြောင့် လူအများအပြား သေဆုံးခဲ့ပြီး နေအိမ်များ၊ ကားလမ်းနဲ့ ရထားလမ်းများ ပျက်စီးခဲ့ပါတယ်။ ရေကြီးမှုတွေနဲ့ ပတ်သက်ပြီး ပိုမို မှန်ကန်တိကျတဲ့ မိုးလေဝသဆိုင်ရာ စောင့်ကြည့်စနစ်တွေဟာလည်း ရေကြောင့် ပျက်စီးခဲ့ရပါတယ်။

ယခုကဲ့သို့ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်တွေကို ဆန်းစစ်လေ့လာရန် World Weather Attribution အဖွဲ့အစည်းမှ သုတေသီတွေက ရေကြီးမှုမဖြစ်ပေါ်မီ မိုးသည်းထန်မှုအပေါ် အာရုံစိုက်ခဲ့ကြပါတယ်။ ဂျာမနီမှာ Ahr နဲ့ Erft မြစ်များအနီး နေရာတွေနဲ့ ဘယ်လ်ဂျီယံရှိ Meuse နယ်မြေတို့မှာ မိုးရွာသွန်းမှုဟာ တစ်ရက်အတွင်း မိုးရေချိန် ၃.၉ လက်မ ရှိခဲ့ပါတယ်။

(Photo: AP)

ထိုသေးငယ်တဲ့ နယ်မြေတွေမှာ မိုးရွာသွန်းမှု ပိုများလာမယ့် အခြေအနေဟာ ရာသီဥတုပြောင်းလဲခြင်းရဲ့ သက်ရောက်မှုနဲ့ ဒေသတွင်း မိုးရွာသွန်းမှုပုံစံ တစ်နှစ်ပြီးတစ်နှစ် အပြောင်းအလဲဖြစ်လာတာကြောင့်လို့ သိပ္ပံပညာရှင်တွေက ကောက်ချက်ချပါတယ်။ အပူချိန်များ မြင့်တက်လာခြင်းရဲ့ သက်ရောက်မှုကို အမှန်တကယ် သိရှိနိုင်ရန် သုတေသီတွေက ပြင်သစ်အရှေ့ပိုင်း၊ ဂျာမနီအနောက်ပိုင်း၊ ဘယ်လ်ဂျီယံအရှေ့ပိုင်း၊ နယ်သာလန်၊ လူဇင်ဘတ်နဲ့ ဆွစ်ဇာလန်မြောက်ပိုင်း အပါအဝင် အနောက်ဥရောပရဲ့ ပိုမိုကြီးမားကျယ်ပြန့်တဲ့ နေရာတွေမှာ ၎င်းတို့ရဲ့ ဆန်းစစ်လေ့လာမှုကို တိုးချဲ့ခဲ့ရပါတယ်။

ထိုသို့ တိုးချဲ့လေ့လာခဲ့ရာ လူတွေကြောင့် ရာသီဥတုပြောင်းလဲမှုဟာ နွေရာသီမှာ တစ်ရက်အတွင်း မိုးသည်းထန်မှုကို ၃ ရာခိုင်နှုန်းနဲ့ ၁၉ ရာခိုင်နှုန်းကြား မြင့်တက်လာစေခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် အပူချိန်မြင့်တက်မှုဟာ ရေကြီးမှုဖြစ်စေတဲ့ မိုးရွာသွန်းမှုတွေကို ၁.၂ နဲ့ ၉ ရာခိုင်နှုန်းကြား ပိုမိုဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

(Photo: Getty Images)

ရာသီဥတုပြောင်းလဲမှုက မိုးသည်းထန်မှုအပေါ် သက်ရောက်မှုရှိကြောင်း ဆန်းစစ်လေ့လာရန် ခက်ခဲပေမဲ့ အနောက်ဥရောပမှာ ဖန်လုံအိမ်ဓာတ်ငွေ့က ယခုကဲ့သို့ မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်စေခဲ့တာ ပိုဖြစ်နိုင်ပါတယ်လို့ ရာသီဥတုဆိုင်ရာ သုတေသီ ဒေါက်တာ Sjoukje Philip က ပြောပါတယ်။ သုတေသီတွေရဲ့ အဆိုအရ အနောက်ဥရောပမှာ ဇူလိုင်လအတွင်းမှာကဲ့သို့ မိုးသည်းထန်မှုဟာ နှစ်ပေါင်း ၄၀၀ အတွင်း တစ်ကြိမ်မျှသာ ဖြစ်ပေါ်နိုင်တယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။

ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုနဲ့ အပူချိန်မြင့်တက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေပါက ဥရောပရဲ့ နေရာဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းမှုဟာ ပုံမှန်လိုဖြစ်လာမယ်လို့ သုတေသီတွေက ပြောပါတယ်။ ဥရောပမှာ မိုးသည်းထန်မှုက လူတွေရဲ့ ပြုမူလုပ်ဆောင်မှုကနေ ပူနွေးလာတဲ့ ရာသီဥတုပြောင်းလဲကြောင့် ပိုဖြစ်နိုင်ကြောင်း လေ့လာမှုကို သုတေသီ ၃၉ ဦးပါ အဖွဲ့တစ်ဖွဲ့က လုပ်ဆောင်ခဲ့ပြီး အပြန်အလှန် သုံးသပ်မှုနည်းလမ်းတွေ အသုံးပြုခဲ့ကြပါတယ်။



က္က