ဓားဖြင့်တိုက်ခိုက်ခဲ့သူဟာ ပါရီမြို့ရဲတပ်ဖွဲ့မှာ နှစ်ပေါင်း ၂၀ ကြာ အလုပ်လုပ်ကိုင်ခဲ့သူလို့ ဆိုပါတယ်။

ပြင်သစ်နိုင်ငံ ပါရီမြို့လယ်ရှိ ရဲတပ်ဖွဲ့ဌာနချုပ် အဆောက်အအုံမှာ ဓားကိုင်အမျိုးသားတစ်ဦးက တိုက်ခိုက်မှုကြောင့် ရဲအရာရှိလေးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: Shutterstock/CNN)

ယနေ့ (အောက်တိုဘာ ၃ ရက်) ဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်ရပ်မှ ဓားဖြင့်တိုက်ခိုက်သူကို အသေပစ်သတ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကို ဓားဖြင့်တိုက်ခိုက်ခဲ့တဲ့ အမျိုးသားဟာ ရဲတပ်ဖွဲ့ဌာနချုပ်မှာ အလုပ်လုပ်ကိုင်တဲ့ အရပ်သားဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ ဓားဖြင့်တိုက်ခိုက်မှုဟာ သမိုင်းဝင် ပါရီမြို့လယ်နေရာ နော်ထရဒမ် ခရစ်ယာန်ဘုရားကျောင်းအနီးမှာ ဖြစ်ပါတယ်။ ယခုတိုက်ခိုက်မှုအတွင်း ဓားကိုင်တိုက်ခိုက်သူ အပါအဝင် ငါးဦးသေဆုံးခဲ့ကြောင်း ပြင်သစ်သတင်းစာ Le Parisien က ပြောပါတယ်။



(Photo: Reuters)

ဓားဖြင့်တိုက်ခိုက်မှုကြောင့် အခြားလူအချို့ ဒဏ်ရာရခဲ့ကြောင်းနဲ့ တိုက်ခိုက်ရတဲ့အကြောင်းရင်းကို လတ်တလော မသိရသေးဘူးလို့ ဆိုပါတယ်။ ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခန့်က ရဲဌာနချုပ်မှာ ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။

(Photo: Guillaume Georges/Le Parisien)

ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ပါရီမြို့လယ် ရဲဌာနချုပ်အနီးတစ်ဝိုက်ကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့ကြောင်းလည်း သိရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကို ဦးတည်ပြီး အကြမ်းဖက်မှုနဲ့ ရဲတပ်ဖွဲ့အတွင်း ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနှုန်း မြင့်တက်နေခြင်းအပေါ် ပြင်သစ်ရဲတွေက နိုင်ငံတစ်ဝှမ်း ဆန္ဒပြခဲ့ကြပြီး နောက်တစ်ရက်မှာ ယခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

(Photo: Reuters)

ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ ရဲဌာနချုပ်သို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၊ ဝန်ကြီးချုပ် အီဒူအတ်ဖိလစ်ပီနဲ့ ပြည်ထဲရေးဝန်ကြီး ခရစ္စတိုဖီကက်စတာနာ သွားရောက်ခဲ့ကြောင်း ပြင်သစ်ရုပ်မြင်သံကြားသတင်းဌာန BFM TV က ပြောပါတယ်။ ပြင်သစ်မီဒီယာက ဆက်လက် ဖော်ပြမှုအရ ဓားဖြင့်တိုက်ခိုက်ခဲ့သူဟာ ပါရီမြို့ရဲတပ်ဖွဲ့မှာ နှစ်ပေါင်း ၂၀ ကြာ အလုပ်လုပ်ကိုင်ခဲ့တဲ့ အသက် ၄၅ နှစ်အရွယ် အရပ်သားဝန်ထမ်းဖြစ်တယ်လို့ သိရပါတယ်။

-နောက်ဆက်တွဲသတင်းနဲ့ အချက်အလက်သစ်များ ရှိလာနိုင်ပါတယ်

Share

Loading Next Article...
က္က