မုန့်ဆိုင်တစ်ဆိုင်မှာ ဖြစ်ပွားခဲ့တာပါ

ပြင်သစ်နိုင်ငံ ပါရီမြို့လယ်မှာ ဂက်စ်ယိုစိမ့်ရာမှ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ရာ သုံးဦးသေဆုံးပြီး အခြား ၄၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ပေါက်ကွဲမှုကြောင့်ဖြစ်ပွားတဲ့ မီးလောင်မှုကို ငြှိမ်းသတ်ခဲ့တဲ့ မီးသတ်သမားနှစ်ဦးနဲ့ စပိန်အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာရသူတွေအနက် ၁၀ ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

(Photo: @MomesMolli/Twitter)

ပါရီမြို့လယ်ရှိ စီးပွားရေးလုပ်ငန်းများနဲ့ စည်းကားတဲ့နေရာတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ ပေါက်ကွဲမှုကြီးကြောင့် ပေပေါင်းရာနဲ့ချီ ဝေးကွာတဲ့နေရာရှိ အဆောက်အအုံများလည်း တုန်ခါသွားခဲ့တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှုဟာ ယနေ့ (ဇန်နဝါရီ ၁၂ ရက်) ဒေသစံတော်ချိန် မနက် ၉ နာရီဝန်းကျင်က No 6 Rue de Trévise မှာ ဖွင့်လှစ်ထားတဲ့ Hubert မုန့်ဆိုင်မှာ ဖြစ်ပွားခဲ့ကြောင်း Reuters သတင်းက ပြောပါတယ်။

(Photo: Reuters)

ပေါက်ကွဲမှုဖြစ်ချိန်မှာ Hubert မုန့်ဆိုင် မဖွင့်ထားရသေးကြောင်းနဲ့ ဂက်စ်ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာအနီးတစ်ဝိုက် ဖြတ်သန်းသွားလာခြင်း မပြုကြရန်လည်း ရဲတပ်ဖွဲ့က ပြောထားပြီး အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေပါတယ်။

(Photo: Reuters)

ပေါက်ကွဲမှုကြောင့် မုန့်ဆိုင်ရှေ့ရှိ ကားများနဲ့ အနီးအနားရှိ အခြား အဆောက်အအုံများလည်း ပျက်စီးခဲ့ပါတယ်။ သတင်းဓာတ်ပုံတွေအရ မုန့်ဆိုင်ရှေ့မှာ အပျက်အစီးများ ပြန့်ကျဲနေပြီး ဒဏ်ရာရသူတွေကို အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေက သယ်ဆောင်လာတာကို သတင်းဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

(Photo: AFP)

ပါရီနဲ့ အခြား ပြင်သစ်မြို့ကြီးတွေမှာ သီတင်းပတ်ကုန်အတွင်း အစိုးရဆန့်ကျင်ရေး 'yellow vest' ဆူပူအုံကြွ ဆန္ဒပြမှုတွေ နောက်တစ်ကြိမ် ပေါ်ပေါက်လာမှာဖြစ်တာကြောင့် ရဲတပ်ဖွဲ့ဝင် ၈၀,၀၀၀ ကို အသင့်ချထားကြောင်းလည်း သိရပါတယ်။ ယခု မုန့်ဆိုင်ပေါက်ကွဲမှုကတော့ အဆိုပါ ဆူပူအုံကြွ ဆန္ဒပြမှုတွေနဲ့ ဆက်စပ်မှုမရှိဘူးလို့ ဆိုပါတယ်။



က္က