ပါရီမြို့ရဲ့ နေရာတိုင်းမှာ mask တပ်ထားရမယ့် စည်းမျဥ်းစည်းကမ်းဟာ ဩဂုတ် ၂၈ ရက်မှာ စတင်သက်ရောက်မှာပါ။

ပြင်သစ်နိုင်ငံ ပါရီမြို့တော်ရဲ့ နေရာတိုင်းမှာ mask တပ်ခြင်းကို စည်းမျဥ်းစည်းကမ်းအရ မဖြစ်မနေ လုပ်ဆောင်ရမယ်လို့ ဝန်ကြီးချုပ်က ဩဂုတ် ၂၇ ရက်မှာ ကြေညာလိုက်ပါတယ်။

(Photo: EPA)

အများပြည်သူအနေနဲ့ COVID-19 ကူးစက်မှု မြင့်တက်နေမှု လျော့ကျသွားရေး ကူညီကြရန်လည်း ပြင်သစ်ဝန်ကြီးချုပ် Jean Castex က တိုက်တွန်းခဲ့ပါတယ်။ ပါရီမြို့ရဲ့ နေရာတိုင်းမှာ mask တပ်ထားရမယ့် စည်းမျဥ်းစည်းကမ်း ပြဌာန်းချက်ဟာ သောကြာနေ့ (ဩဂုတ် ၂၈ ရက်) ဒေသစံတော်ချိန် မနက် ၈ နာရီမှာ စတင်သက်ရောက်မယ်လို့ လက်ထောက်မြို့တော်ဝန် Anne Souyris ကို ကိုးကားပြီး ပြင်သစ်ရုပ်မြင်သံကြားသတင်းဌာန BFM TV က‌ ပြောပါတယ်။



ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၂၆ ရက်) မှာ တရားဝင် ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ ပြင်သစ်မှာ ၂၄ နာရီအတွင်း COVID-19 ကူးစက်မှုအသစ် ၅,၄၀၀ ကျော် တိုးလာခဲ့ပြီး ဆေးရုံတက်ရောက်ရမှုနဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ကုသရမှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။

(Photo: Reuters)

ပြင်သစ်နိုင်ငံတစ်ဝန်း COVID-19 ကူးစက်ဖြစ်ပွားမှုတွေ တစ်ကျော့ပြန် မြင့်တက်လာမှုဟာ ငြင်းစရာမရှိကြောင်းနဲ့ လူဦးရေ ၁၀၀,၀၀၀ မှာ ၃၉ ဦး ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ထိုကူးစက်မှုနှုန်းဟာ လွန်ခဲ့တဲ့ တစ်လကထက် လေးဆမြင့်တက်လာခြင်းဖြစ်ပြီး အသက်အရွယ်အားလုံးမှာ ကူးစက်မှုတွေ မြင့်တက်နေကြောင်းလည်း သိရပါတယ်။

ပြင်သစ်မှာ ဓာတ်ခွဲစစ်ဆေးမှုတွေကနေ ကူးစက်ခံရကြောင်း အဖြေထွက်မှုနှုန်းဟာ ဩဂုတ် ၂၇ ရက်နေ့မှာ ၃.၇ ရာခိုင်နှုန်းဖြစ်လာခဲ့ပြီး မေလအတွင်း ၁ ရာခိုင်နှုန်းမှ သိသာစွာ မြင့်တက်လာခဲ့ပါတယ်။ ထို့အတူ အတည်ပြုလူနာတစ်ဦးကနေ နောက်ထပ် လူအရေအတွက် မည်မျှကို ကူးစက်ပျံ့နှံ့သွားကြောင်း သတ်မှတ်ဖော်ပြတဲ့ "R" နှုန်းထား ကိန်းဂဏန်းဟာလည်း ပြင်သစ်တစ်နိုင်ငံလုံးမှာ ၁.၄ ဖြစ်လာခဲ့ပါတယ်။ အဆိုပါ "R" နှုန်းထားအရ အတည်ပြုလူနာ ၁၀ ဦးကနေ ပျမ်းမျှအားဖြင့် နောက်ထပ် လူ ၁၄ ဦးကို ကူးစက်ပျံ့နှံ့နေတာ ဖြစ်ပါတယ်။

(Photo: Reuters)

ပြင်သစ်မှာ ပျမ်းမျှအားဖြင့် အပတ်စဥ် COVID-19 ကူးစက်ခံရတဲ့ လူနာ ၈၀၀ ကျော် ဆေးရုံတက်နေခဲ့ရပြီး လွန်ခဲ့တဲ့ သီတင်းခြောက်ပတ်က အပတ်စဥ် ဆေးရုံတက်လူနာ ၅၀၀ ကနေ မြင့်တက်လာခဲ့ပါတယ်။ လက်ရှိအချိန်အထိ ပြင်သစ်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၂၅၉,၀၀၀ ကျော်၊ သေဆုံးသူ ၃၀,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၈၅,၀၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။

ပြင်သစ်ဟာ ကမ္ဘာတစ်ဝန်း COVID-19 ကြောင့် သေဆုံးမှု သတ္တမမြောက် အများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ ထိုအတောအတွင်း ပြင်သစ်မှာ COVID-19 ကူးစက်မှု ဒုတိယလှိုင်းဟာ လာမယ့် နိုဝင်ဘာလအတွင်း ဖြစ်လာနိုင်ကြောင်း ကပ်ရောဂါဆိုင်ရာ အစိုးရအကြံပေးပုဂ္ဂိုလ် ပါမောက္ခ Jean-François Delfraissy က ဩဂုတ် ၂၆ ရက်နေ့မှာ ပြောကြားထားပါတယ်။

Share

Loading Next Article...
က္က