သေနတ်သမားများ အပါအဝင် လူခုနစ်ဦး သေဆုံးခဲ့ပါတယ်။

ကရာချိမြို့ရှိ ပါကစ္စတန် စတော့အိတ်ချိန်းကို သေနတ်သမား လေးဦးက စီးနင်းတိုက်ခိုက်ခဲ့မှုကြောင့် လုံခြုံရေးအစောင့် နှစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး အခြား ခုနစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

(Photo: AFP)

စတော့အိတ်ချိန်းကို တိုက်ခိုက်ခဲ့တဲ့ သေနတ်သမားတွေကိုလည်း လုံခြုံရေးတပ်ဖွဲ့က အသေပစ်သတ်လိုက်ကြောင်း သိရပါတယ်။ တိုက်ခိုက်သူတွေက စတော့အိတ်ချိန် အဆောက်အအုံသို့ အဓိက ဝင်ပေါက်နေရာမှာ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ သို့သော် သေနတ်သမားတွေဟာ အရောင်းအဝယ်ပြုလုပ်တဲ့ အထပ်နေရာသို့ မရောက်ခဲ့ကြဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။



လုံခြုံရေးတပ်ဖွဲ့က စတော့အိတ်ချိန်းကို ရောက်ရှိလာပြီး ရှင်းလင်းဆောင်ရွက်ခဲ့စဥ် ဝန်ထမ်းတွေက အခန်းများအတွင်း သော့ပိတ်နေခဲ့ကြပြီး အများအပြားကို ရွှေ့ပြောင်းခဲ့တယ်လို့ ဆိုပါတယ်။ ကရာချိမြို့ရှိ စတော့အိတ်ချိန်း တိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Baloch Liberation Army (BLA) မှ စစ်သွေးကြွတွေက ထုတ်ဖော်ပြောပါတယ်။

(Photo: Reuters)

ပါကစ္စတန်မှာ Baloch မျိုးနွယ်အုပ်စုတွေက နယ်မြေခွဲထွက်ရေးနဲ့ ဘလူချီစတန် (Balochistan) ပြည်နယ်ရှိ သယံဇာတရင်းမြစ်တွေကို ပိုမိုခွဲဝေရရှိရေးအတွက် ကာလရှည်ကြာ တော်လှန်ပုန်ကန်နေခဲ့ကြပါတယ်။ စတော့အိတ်ချိန်း တိုက်ခိုက်ခံရမှုဖြစ်ရပ်မှ သေနတ်သမား လေးဦးလုံးကို ရှစ်မိနစ်အတွင်း အသေပစ်သတ်ခဲ့ကြောင်း Sindh Rangers လက်နက်ကိုင်တပ်ဖွဲ့ရဲ့ အထွေထွေညွှန်ကြားရေးမှူး Omer Ahmed က ပြောပါတယ်။

"သူတို့က အဆောက်အအုံထဲကို ဝင်ရောက်တိုက်ခိုက်ပြီး ဓားစာခံတွေ ဖမ်းဆီးထားခဲ့ကြတယ်" လို့ ၎င်းက ဆိုပါတယ်။ သေနတ်သမားတွေဟာ အစားအစာနဲ့ လက်နက်တွေကို ပြင်ဆင်သယ်ဆောင်လာခဲ့မှုအရ ၎င်းတို့ဟာ စတော့အိတ်ချိန်းကို သိမ်းပိုက်ထားရန် စီစဥ်ခဲ့ကြတာဖြစ်ကြောင်း Omer Ahmed က သုံးသပ်ခဲ့ပါတယ်။

(Photo: Reuters)

ပါကစ္စတန်ဟာ အများစုက အစ္စလာမ်မစ်အစွန်းရောက် အုပ်စုတွေဖြစ်ကြတဲ့ စစ်သွေးကြွတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို နှစ်ကာလရှည်ကြာ တွေ့ကြုံနေခဲ့ရပေမဲ့ ယခုကဲ့သို့ တိုက်ခိုက်မှုတွေကိုတော့ လတ်တလော နှစ်များအတွင်း တွေ့ရလေ့မရှိဘူးလို့ ဆိုပါတယ်။

ယနေ့ (ဇွန် ၂၉ ရက်) ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း အော်တိုမက်တစ် ရိုင်ဖယ်သေနတ်များ ကိုင်ဆောင်ထားကြတဲ့ စစ်သွေးကြွတွေက စတော့အိတ်ချိန် အဆောက်အအုံပြင်ပရှိ လုံခြုံရေးဂိတ်နေရာကို လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းဖောက်ခွဲခဲ့ပြီးနောက် စတင်ပစ်ခတ်ခဲ့ကြတာ ဖြစ်ပါတယ်။

(Photo: Reuters)

"သေနတ်သမားတွေက ငွေရောင်ကိုရိုလာကားတစ်စီးနဲ့ ရောက်လာခဲ့ကြတယ်၊ သူတို့ကို ရဲတပ်ဖွဲ့က စတော့အိတ်ချိန် အပြင်ဘက် ဂိတ်နေရာမှာ တားဆီးစစ်ဆေးခဲ့ပြီး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်" လို့ Sindh ရဲတပ်ဖွဲ့မှ စုံစမ်းရေးအရာရှိ Ghulam Nabi Memon က BBC ကို ပြောပါတယ်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့က ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ စစ်သွေးကြွ လေးဦးလုံး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုဖြစ်ရပ်အတွင်း ဒဏ်ရာရခဲ့သူ ခုနစ်ဦးအနက် ရဲတပ်ဖွဲ့ဝင် သုံးဦးလည်း ပါဝင်ခဲ့ပြီး ၎င်းတို့ကို ဆေးရုံမှာ ကုသပေးနေကြောင်း သိရပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က