မူရှာရက်ဖ်ဟာ ၁၉၉၉ ခုနှစ်မှာ စစ်အာဏာသိမ်းမှုဖြင့် အာဏာရလာခဲ့ပါတယ်။

ပါကစ္စတန်တရားရုံးတစ်ရုံးက စစ်အစိုးရခေါင်းဆောင်ဟောင်း ပါဗက်ဇ်မူရှာရက်ဖ်ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေချိုးဖောက်မှု စွဲချက်များဖြင့် သေဒဏ်ချမှတ်လိုက်ကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

(ဗိုလ်ချုပ်ကြီးမူရှာရက်ဖ်) (Photo: Jewel Samad/AFP)

ယမန်နေ့ (ဒီဇင်ဘာ ၁၇ ရက်) က သေဒဏ်ချမှတ်ခံရတဲ့ မူရှာရက်ဖ်ဟာ ၁၉၉၉ ခုနှစ်မှာ စစ်အာဏာသိမ်းမှုဖြင့် အာဏာရလာခဲ့ပြီး နောက်ပိုင်းမှာ ၁၀ ယောက်မြောက် ပါကစ္စတန်သမ္မတအဖြစ် ၂၀၀၁ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ အုပ်ချုပ်ခဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပါကစ္စတန်ပြင်ပကိုရောက်ရှိနေတဲ့ ဗိုလ်ချုပ်ကြီးဟောင်း မူရှာရက်ဖ်ကတော့ ယခုပြစ်ဒဏ်ချမှတ်မှုအပေါ် မှတ်ချက်ပေးခဲ့ခြင်း မရှိသေးပါဘူး။



၂၀၁၆ ခုနှစ်ကတည်းက နိုင်ငံမှထွက်ခွာသွားခဲ့ပြီး ဒူဘိုင်းမှာရောက်ရှိနေတဲ့ မူရှာရက်ဖ်ကို လက်တွေ့မှာ တရားရုံးအမိန့်အတိုင်း ပြစ်ဒဏ်ပေးနိုင်ဖွယ်လည်း မရှိဘူးလို့ ဆိုပါတယ်။ မူရှာရက်ဖ်ရဲ့အမှုဟာ တရားစီရင်ရေးနဲ့ စစ်တပ်တို့ကြား တရားဥပဒေဆိုင်ရာ ထိပ်တိုက်တွေ့မှုတစ်ခုလို့ အများက ရှုမြင်ထားကြပါတယ်။

(၂၀၁၃ ခုနှစ်အတွင်း APML ပါတီရဲ့ မူဝါဒများကို မူရှာရက်ဖ် ပြောကြားခဲ့စဥ်) (Photo: Reuters)

ဗိုလ်ချုပ်ကြီးဟောင်း မူရှာရက်ဖ်ကို သေဒဏ်ချမှတ်မှုအပေါ် ပါကစ္စတန်စစ်တပ်က နာကျင်ခံစားရကြောင်း ပြောဆိုကာ ဝေဖန်ရှုတ်ချခဲ့ပါတယ်။ မူရှာရက်ဖ်ဟာ ပါကစ္စတန်မှာ နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွဲချက်တင်ခံရတဲ့ ပထမဆုံး စစ်တပ်အကြီးအကဲဟောင်းလည်း ဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း မူရှာရက်ဖ်ကို နိုင်ငံမှထွက်ခွာသွားနိုင်ရန် ဩဇာကြီးမားတဲ့ ပါကစ္စတန်စစ်တပ်က ကူညီပေးခဲ့ပါတယ်။

လက်ရှိမှာ အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ မူရှာရက်ဖ်က သမ္မတအဖြစ် ဆောင်ရွက်ခဲ့စဥ်အတွင်း ၂၀၀၇ ခုနှစ် နိုဝင်ဘာလမှ ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလအထိ အခြေခံဥပဒေကို ဆိုင်းငံ့လိုက်ပြီး အရေးပေါ်အခြေအနေ ပြဌာန်းကာ ၎င်းရဲ့ သမ္မတရာထူးသက်တမ်းကို တိုးချဲ့နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့ပါတယ်။

(ဗီဒီယိုထုတ်ပြန်ချက်မှာတွေ့ရသည့် မူရှာရက်ဖ်) (Photo: APML)

ဒူဘိုင်းမှာ ဆေးကုသမှုခံယူနေတဲ့ မူရှာရက်ဖ်က ၎င်းကိုစွဲချက်တင်ထားတဲ့ အမှုနဲ့ပတ်သက်ပြီး ယခုလအစောပိုင်းမှာ ဗီဒီယိုတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ "ကျွန်တော်က နိုင်ငံကို အလုပ်အကျွေးပြုခဲ့တာပါ၊ နိုင်ငံ ပိုကောင်းဖို့အတွက် ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ပါတယ်" လို့ မူရှာရက်ဖ်က ဗီဒီယိုထဲမှာ ပြောခဲ့ပါတယ်။ မူရှာရက်ဖ်က ၎င်းကိုစွဲချက်တင်ထားတဲ့ အမှုကိစ္စဟာ အခြေအမြစ်မရှိကြောင်းလည်း ထိုဗီဒီယိုထဲမှာ ပြောဆိုထားခဲ့ပါတယ်။

ယမန်နေ့က အစ္စလာမာဘတ်မြို့ရှိ အထူးတရားရုံးမှာ တရားသူကြီး သုံးဦးအနက် နှစ်ဦးက မူရှာရက်ဖ်ဟာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ မူရှာရက်ဖ်ဟာ စွပ်စွဲပြစ်တင်ပြီး ရာထူးမှဖယ်ရှားခံရမယ့် အခြေအနေကို ရှောင်လွှဲရန် ၂၀၀၈ ခုနှစ်မှာ သမ္မတရာထူးမှ နုတ်ထွက်ခဲ့ပြီး ၎င်းကို ၂၀၁၄ ခုနှစ် မတ်လအတွင်း နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရပါတယ်။


ပါကစ္စတန်ဥပဒေအရ နိုင်ငံတော်သစ္စာဖောက်မှု ကျူးလွန်သူ မည်သူမဆို သေဒဏ်ကျခံရနိုင်ပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း မူရှာရက်ဖ်ကို ခရီးသွားလာခွင့် တားမြစ်ပိတ်ပင်ထားမှုအား ၂၀၁၆ ခုနှစ်မှာ ရုပ်သိမ်းပေးခဲ့ပြီးနောက် ၎င်းဟာ ဒူဘိုင်းကို ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ ထိုအချိန်မှစပြီး ပါကစ္စတန်တရားရုံးက ဆင့်ခေါ်မှုများ ပြုလုပ်ခဲ့ပေမဲ့ နိုင်ငံသို့ ပြန်လာခြင်းမရှိတော့ကြောင်း သိရပါတယ်။ မူရှာရက်ဖ်ဟာ All Pakistan Muslim League (APML) ပါတီကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

Source: Reuters, AFP

Share

Loading Next Article...
က္က