ဂက်စ်မီးဖိုမှ ဂက်စ်အိုးပေါက်ကွဲသွားခဲ့တယ်လို့ ဆိုပါတယ်။
Ko John

ပါကစ္စတန်နိုင်ငံ ကရာချိမြို့နဲ့ ရာဝဲလ်ပင်ဒီမြို့ကြား ခုတ်မောင်းပြေးဆွဲနေတဲ့ ရထားတစ်စီး လမ်ခုလတ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၇၄ ဦးထက်နည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: Muhammad Bilal/Anadolu Agency via Getty Images)

ခရီးသည်တွေက ရထားပေါ်မှာ မနက်စာချက်ပြုတ်နေစဉ် ဂက်စ်မီးဖိုးမှ ဂက်စ်အိုးပေါက်ကွဲပြီး မီးလောင်မှုစတင်ဖြစ်ပွားခဲ့ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီး ရှိတ်ခ်ရာရှစ်ဒ်အာမက်က ပြောပါတယ်။ "ဂက်စ်မီးဖိုးနှစ်ခု ပေါက်ကွဲသွားခဲ့တယ်၊ သူတို့က ချက်ပြုတ်နေကြတော့ ဆီတွေဘာတွေလည်းသုံးနေတာဆိုတော့ မီးလောင်မှုကို ပိုအားကောင်းသွားစေခဲ့တယ်" လို့ ၎င်းက သုံးသပ်ခဲ့ပါတယ်။

ရှည်လျားတဲ့ခရီးစဉ်တွေမှာ ခရီးသည်တွေက ချက်ပြုတ်စားသောက်ရန် ရထားပေါ်သို့ မီးဖိုးများယူဆောင်လာလေ့ရှိခြင်းက ပြဿနာတစ်ရပ် ဖြစ်နေကြောင်း ဝန်ကြီးက ပြောပါတယ်။ ရထားမီးလောင်မှုအတွင်း ကြီးမားတဲ့ မီးတောက်က အနည်းဆုံး ရထားတွဲသုံးတွဲကို ကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Resuce1122)

ဒေသခံမီဒီယာက တာဝန်ရှိသူတွေကို ကိုးကားဖော်ပြမှုအရ သေဆုံးသူအများအပြားဟာ မီးလောင်နေတဲ့ ရထားပေါ်ကနေ ခုန်ချရန်ကြိုးပမ်းခဲ့စဉ် သေဆုံးခဲ့ကြတယ်လို့ သိရပါတယ်။ ရထားမီးလောင်မှုအတွင်း အခြား လူ ၄၀ လည်း ဒဏ်ရာရခဲ့ကြောင်းနဲ့ သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ဆဲဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

Punjab ပြည်နယ်တောင်ပိုင်း ရာဟင်းမ်ရာခန်းမြို့ငယ်အနီးမှာ ရထားမီးလောင်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ရထားပေါ်မှ ခရီးသည်အများအပြားဟာ လာဟိုးမြို့အနီး Raiwind မြို့ငယ်မှာ ဆွန်နီမွတ်စလင်မ် သာသနာပြုအဖွဲ့ Tablighi Jamaat က စီစဉ်ပြီး နှစ်စဉ်ကျင်းပပြုလုပ်တဲ့ ဘာသာရေးပွဲအခမ်းအနားကို လာရောက်ကြသူတွေလို့ ဆိုပါတယ်။

(Photo: Xinhua)

ရထားတွဲအမှတ် ၁၁၊ ၁၂ နဲ့ ၁၃ တို့မှာ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး တွဲအမှတ် ၁၁ မှာ လူ ၅၄ ဦး၊ တွဲအမှတ် ၁၃ နဲ့ ၁၄ မှာ လူ ၇၈ ဦးစီ လိုက်ပါလာခဲ့ကြောင်း သိရပါတယ်။ မီးလောင်မှုဖြစ်ပွားတဲ့ ရထားပေါ်မှာ လိုက်ပါလာသူ မိုဟမ်မက်ရမ်ဇန်က BBC Urdu ကို ပြောကြားမှုအရ Raiwind ကိုသွားမယ့် ခရီးသည်အချို့က လက်ဖက်ရည်ဖျော်ရန် ပြင်ဆင်နေစဉ် ဂက်စ်အိုးပေါက်ကွဲသွားခဲ့တယ်လို့ ဆိုပါတယ်။

မိုဟမ်မက်ရမ်ဇန်က မီးလောင်မှုလွတ်ရန် ရထားပေါ်ကနေ ခုန်ချခဲ့ကြောင်းလည်း သိရပါတယ်။ ရထားမီးလောင်မှုကြောင့် သေဆုံးခဲ့သူအချို့ဟာ ဆိုးရွားစွာ မီးလောင်ကျွမ်းနေတာကြောင့် ဒီအင်န်အေ (DNA) စစ်ဆေးပြီးမှသာ မည်သူဖြစ်ကြောင်း သိနိုင်မယ်လို့ ခရိုင်ရဲတပ်ဖွဲ့ လက်ထောက်အကြီးအကဲ ဂျမေးလ်အာမက်က ဆိုပါတယ်။

(Photo: Waleed Saddique/AFP via Getty Imagse)

အခင်းဖြစ်နေရာမှ သက်သေအထောက်အထားတွေကို စုဆောင်းရယူပြီး မှုခင်းဆေးပညာအရ စစ်ဆေးနိုင်ရန် ပို့ဆောင်ခဲ့ကြောင်း အမည်မဖော်တဲ့ တာဝန်ရှိသူတစ်ဦးက BBC Urdu ကို ပြောခဲ့ပါတယ်။ ထိုအတောအတွင်း ရထားမီးလောင်မှုဟာ လျှပ်စစ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် စတင်ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ရထားမီးလောင်မှုမှ လွတ်မြောက်ခဲ့သူအချို့က ရထားပေါ်မှာ လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်ခဲ့ရာမှ မီးစလောင်ခဲ့တယ်လို့ ယုံကြည်နေကြပါတယ်။ ပါကစ္စတန်ဝန်ကြီးချုပ် အမ်ရန်ခန်းကတော့ ယခုဖြစ်ရပ်ဆိုးအတွက် အလွန်ဝမ်းနည်းမိကြောင်းနဲ့ ရထားမီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို ချက်ချင်း စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားတယ်လို့ သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ


က္က