ထိုင်းလေကြောင်းလိုင်းရဲ့ ဥရောပသို့ အသွားအပြန် လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရပါတယ်။

အိန္ဒိယနဲ့ တင်းမာမှုများမြင့်တက်လာခဲ့ပြီးနောက် ပါကစ္စတန်က ၎င်းရဲ့ လေပိုင်နက်ကို ပိတ်ပင်လိုက်ပြီးနောက် ထိုင်းလေကြောင်းလိုင်ရဲ့ လေကြောင်းခရီးစဉ် ဒါဇင်နဲ့ချီ ဖျက်သိမ်းခဲ့ရာ ခရီးသည်ထောင်နဲ့ချီပြီး ဘန်ကောက်မြို့မှာ သောင်တင်နေကြပါတယ်။

(Photo: AFP/Lillian Suwanrumpha)

ပါကစ္စတန်က လေပိုင်နက်ပိတ်ပင်မှုကြောင့် ထိုင်းလေကြောင်းလိုင်း (Thai Airways International) ရဲ့ ဥရောပသို့ အသွားအပြန် လေကြောင်းခရီးစဉ်တွေ ယနေ့ (ဖေဖေါ်ဝါရီ ၂၈ ရက်) မှာ ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ လန်ဒန်၊ မြူးနစ်၊ ပါရီ၊ ဘရပ်ဆဲလ်၊ မီလန်၊ ဗီယင်နာ၊ စတော့ခ်ဟုမ်း၊ ဇူးရစ်၊ ကိုပင်ဟေဂင်၊ အော်စလို၊ ဖရန့်ဖတ်နဲ့ ရောမ အသွားအပြန် လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ကြောင်း ထိုင်းလေကြောင်းလိုင်းက ထုတ်ပြန်ကြေညာထားကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။



(Photo: ViralPress/Nop Meechukhun)

ပုံမှန်အားဖြင့် ထိုင်းနိုင်ငံမှ ဥရောပသို့ လေကြောင်းခရီးစဉ်အများစုဟာ သန်းခေါင်ကျော်အချိန်မှာ ထွက်ခွာကြလေ့ရှိပါတယ်။ လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းလိုက်မှုကြောင့် သောင်တင်နေတဲ့ ခရီးသည်တွေက သုဝဏ္ဏဘူမီ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အခြား လေယာဉ်ခရီးစဉ်တွေကို လိုက်လံစုံစမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။ ဘန်ကောက်မှာ ဗြိတိန်နိုင်ငံသား ခရီးသည်ရာနဲ့ချီပြီး သောင်တင်နေကြောင်း Daily Mail သတင်းကလည်း ပြောခဲ့ပါတယ်။

(Photo: ViralPress)

"ပြီးခဲ့တဲ့ညက ရောက်လာတဲ့ ခရီးသည် ၅,၀၀၀ လောက် လေယာဉ်ခရီးစဉ် ဖျက်သိမ်းတာကြုံခဲ့ရတယ်၊ အများစုက ထိုင်းလေကြောင်းလိုင်းကပါ" လို့ သုဝဏ္ဏဘူမိလေဆိပ်ရှိ ခရီးသွားလုပ်ငန်းဆိုင်ရာ ရဲတပ်ဖွဲ့မှ ရဲမှူး ဗိုလ်မှူးကြီး Umnart Chomshai က Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။ ယနေ့နှောင်းပိုင်းမှာတော့ တရုတ်အစိုးရထံမှ လေပိုင်နက်ဖြတ်သန်းခွင့်ရပြီးနောက် လေကြောင်းခရီးစဉ်တွေ ပြန်လည် ပြေးဆွဲမယ်လို့ ထိုင်းလေကြောင်းလိုင်းက ပြောခဲ့ပါတယ်။

ထိုင်းလေကြောင်းလိုင်းရဲ့ ဥရောပသို့ လေကြောင်းခရီးစဉ်တွေကို ယနေ့ မွန်းလွဲပိုင်းနဲ့ သောကြောနေ့ (မတ်လ ၁ ရက်) မနက်ပိုင်းတို့မှာ ထွက်ခွာရန်စီစဉ်ထားတာလည်း ဖြစ်ပါတယ်။ တရုတ်အစိုးရက ပါကစ္စတန်လေပိုင်နက်ကို ရှောင်ကွင်းပြီး ၎င်းတို့လေပိုင်နက်ကို ဖြတ်သန်းခွင့်ပေးခဲ့တယ်လို့ ထိုင်းလေကြောင်းလိုင်း ဒုတိယဥက္ကဋ္ဌ Pratana Patanasiri က ပြောထားပါတယ်။

(Photo: ViralPress)

ရုတ်တရက် လေကြောင်းခရီးစဉ်တွေ နှောင့်နှေးမှုတွေကြောင့် ခရီးသည်တွေရဲ့ မကျေနပ်မှုတွေနဲ့အတူ ဘန်ကောက်မြို့ရဲ့ အဓိက လေဆိပ်မှာ ကသောင်းကနင်း အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ "ကျွန်တော်တို့ ဒီမှာ ၁၁ နာရီကနေ ၁၂ နာရီလောက်အထိ စောင့်ခဲ့ပြီးပြီ" လို့ ဖူးခက်မှာ အားလပ်ရက် အပန်းဖြေခရီးထွက်ပြီးနောက် မြူးနစ်ကိုပြန်မယ့် အသက် ၅၅ နှစ်အရွယ် ဂျာမန်ခရီးသည် Gerda Heinzel က ပြောခဲ့ပါတယ်။

"ကျွန်တော်တို့ကို စားစရာ၊ နေရာစရာ ဘာမှ မစီစဉ်ပေးဘူး၊ ကျွန်တော်တို့ကို ကူညီပေးမယ့် ဂျာမန်စကားပြောနိုင်တဲ့ ဝန်ထမ်းလည်းမရှိဘူး" လို့ ၎င်းက ဆက်လက်ပြောပါတယ်။ ထိုင်းလေကြောင်းလိုင်းက ပါကစ္စတန် လေပိုင်နက်ကိုဖြတ်သန်းကာ ဥရောပသို့ ပျံသန်းရမယ့် လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းခဲ့သလို ပါကစ္စတန်သို့ ပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ် အားလုံးကိုလည်း ဖျက်သိမ်းထားခဲ့ပါတယ်။

(Photo: ViralPress)

ထိုင်းလေကြောင်းလိုင်းက ပါကစ္စတန်နိုင်ငံ ကရာချိမြို့နဲ့ လာဟိုးမြို့သို့ တစ်နေ့တစ်ကြိမ်နဲ့ အစ္စလာမာဘတ်မြို့သို့ တစ်ပတ်လေးကြိမ် လေကြောင်းခရီးစဉ်များ ပြေးဆွဲနေတာလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသည်များ လာရောက်မှုအများဆုံး နေရာတစ်ခုဖြစ်ပြီး ယမန်နှစ်အတွင်း ခရီးသည် ၃၈ သန်း လာရောက်ခဲ့ကြောင်း သိရပါတယ်။

အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ လတ်တလောမှာ စစ်ရေးတင်းမာမှုများ မြင့်တက်နေပြီး လေယာဉ်များကို အပြန်အလှန် ပစ်ချခဲ့ကြပြီး အိန္ဒိယတိုက်လေယာဉ်မှူးတစ်ဦးကို ပါကစ္စတန်က ဖမ်းဆီးထားပါတယ်။ ယမန်နေ့က ကက်ရှ်မီးယားဒေသ နယ်စပ်တစ်လျှောက် အမြောက်များဖြင့် နှစ်ဖက် ပစ်ခတ်မှုတွေရှိခဲ့ပြီး ယနေ့ မနက်အစောပိုင်းမှာလည်း အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က