ငလျင်လှုပ်ပြီး နောက်တစ်ရက်မှ သေဆုံးသူအရေအတွက်ကို အစိုးရက ထုတ်ပြန်ပါတယ်။

ပါကစ္စတန်နိုင်ငံဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသမှာ စက်တင်ဘာ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၃၇ ဦးအထိ မြင့်တက်လာကြောင်း အာဏာပိုင်တွေက ယနေ့ (စက်တင်ဘာ ၂၅ ရက်) နှောင်းပိုင်းမှာ အတည်ပြု ပြောကြားပါတယ်။

(Photo: Reuters)

ငလျင်လှုပ်ခဲ့ရာ ဒေသသို့ ကယ်ဆယ်ရေးအဖွဲ့တွေ အကူအညီများ ပို့ဆောင်နေခဲ့ကြောင်းလည်း သိရပါတယ်။ ရစ်ချ်တာစကေး ၅.၈ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ပြီး နောက်တစ်ရက်မှာ ကလေးငယ်များ အပါအဝင် သေဆုံးသူအရေအတွက်ကို အစိုးရက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ တာဝန်ရှိသူတွေက ငလျင်လှုပ်ပြီးနောက်ပိုင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ မြို့ငယ်နဲ့ကျေးရွားများသို့ ရောက်ရှိနိုင်ခဲ့ပြီလို့ ဆိုပါတယ်။



(Photo: Aamir Qureshi/AFP/Getty Images)

"သေဆုံးဒဏ်ရာရသူတွေရဲ့ အသေးစိတ်အချက်အလက်ကို စုဆောင်းဖို့အတွက် ငလျင်ဒဏ်ခံခဲ့ရတဲ့ နေရာဒေသမှာ သက်ဆိုင်ရာအဖွဲ့တွေ စေလွှတ်ထားပါတယ်" လို့ ငလျင်ဒဏ် အဆိုးဆုံးခံခဲ့ရ နေရာတွေအနက်တစ်ခုဖြစ်တဲ့ Mirpur ခေါ် New Mirpur မြို့မှ တာဝန်ရှိသူ Muhammad Tayyab က Reuters သတင်းဌာနကို ပြောပါတယ်။

စက်တင်ဘာ ၂၄ ရက် ငလျင်ကြောင့် လူ ၅၀၀ ဝန်းကျင် ဒဏ်ရာရခဲ့ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။ ယမန်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နေအိမ်နဲ့ ဈေးဆိုင်များ ပြိုကျမှုဖြစ်ခဲ့ပြီး Jhelum နဲ့ Mirpur မြို့နှစ်မြို့ကြားရှိ လမ်းမများ ပျက်စီးမှုဖြစ်ပေါ်ခဲ့ပါတယ်။

(Photo: Aamir Qureshi/AFP/Getty Images)

"အခြေအနေက တဖြေးဖြေး ပုံမှန်ပြန်ဖြစ်လာပါပြီ၊ ညတုန်းက နောက်ဆက်တွဲငလျင်တစ်ခု လှုပ်ခဲ့သေးပေမဲ့ လူတွေကြားမှာ ထိတ်လန့်ကြောက်ရွံ့မှုတော့ လျော့သွားပါပြီ" လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ Sardar Gulfaraz Khan က ပြောပါတယ်။ ငလျင်ကြောင့် နေအိမ်ဟောင်းများ ပြိုကျမှုတွေဖြစ်ခဲ့တဲ့ ကျေးရွာတွေမှာ အပျက်အစီးအများဆုံး ဖြစ်တယ်လို့လည်း ၎င်းက ဆက်လက်ပြောခဲ့ပါတယ်။

ငလျင်လှုပ်သွားခဲ့တဲ့ နေရာဒေသမှ ဒေသခံတွေဟာ ငလျင်ထပ်လှုပ်နိုင်မှုကို စိုးရိမ်တာကြောင့် နေအိမ်ပြင်ပမှာ အိပ်ခဲ့ကြပြီး ယနေ့မှတော့ ၎င်းတို့နေအိမ်များသို့ပြန်ကာ ပစ္စည်းပစ္စယများ စုဆောင်းသိမ်းဆည်းပြီး အပျက်အစီးအခြေအနေကို စစ်ဆေးကြည့်ရှုခဲ့ကြပါတယ်။

(Photo: Reuters)

အာဏာပိုင်တွေက ငလျင်ဒဏ်ခံရတဲ့ ဒေသမှာ မိသားစု ၂၀၀ နေထိုင်နိုင်တဲ့ ယာယီရွက်ဖျင်တဲများ၊ ချက်ပြုတ်စားသောက်နိုင်ရန် မီးဖိုများ၊ စောင်များနဲ့ သောက်ရေသန့်ပုလင်း ၅၀,၀၀၀ စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။ ပါကစ္စတန်စစ်တပ်နဲ့ အခြား အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေက ယမန်နေ့ ညလုံးပေါက်က ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး လမ်းအင်ဂျင်နီယာတွေက ငလျင်ကြောင့် ပျက်စီးသွားတဲ့ ဒေသတွင်း လမ်းမတွေကို စတင်ပြင်ဆင်နေပြီလို့ စစ်တပ်ဆက်သွယ်ရေးဌာနက ပြောပါတယ်။

(Photo: Aamir Qureshi/AFP/Getty Images)

ငလျင်ကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုလည်း ဖြစ်ပေါ်ခဲ့ပြီး ယနေ့နေ့လယ်ပိုင်းမှာ ဓာတ်အားပြန်လည်ရရှိခဲ့ကြောင်း သိရပါတယ်။ ယခု ငလျင်လှုပ်ခတ်ခဲ့တဲ့ ကက်ရှ်မီးယားဒေသကို ၁၉၄၇ ခုနှစ်မှာ ဗြိတိသှျှထံမှ လွတ်လပ်ရေးရပြီးနောက် အိန္ဒိယနဲ့ပါကစ္စတန် နှစ်နိုင်ငံကြား ပိုင်ဆိုင်မှုအငြင်းပွားနေခဲ့ပါတယ်။ ကက်ရှ်မီးယားအရေးနဲ့ ဆက်နွယ်ပြီး အဆိုပါ နှစ်နိုင်ငံကြား စစ်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ဖူးကာ အိန္ဒိယက ထိန်းချုပ်တဲ့ ကက်ရှ်မီးယားနယ်မြေနဲ့ ပါကစ္စတန်က ထိန်းချုပ်တဲ့ ကက်ရှ်မီးယားနယ်မြေများအဖြစ် နှစ်ပိုင်းပိုင်းခြားထားခဲ့ပါတယ်။


Share

Loading Next Article...
က္က