လူအချို့ အသက်ရှူကျပ်မှု ခံစားခဲ့ရပေမဲ့ အခြား ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
Ko John

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော် ဆိပ်ကမ်းမှာ လူ ၁၉၀ ထက်မနည်း သေဆုံးခဲ့တဲ့ ပေါက်ကွဲမှုကြီး ဖြစ်ပွားပြီးနောက် တစ်လကျော်ရုံမျှအကြာ ယနေ့ (စက်တင်ဘာ ၁၀ ရက်) မှာ ကြီးမားတဲ့ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

ဘေရွတ်ဆိပ်ကမ်း မီးလောင်မှုကြီးဟာ ဆိပ်ကမ်းရဲ့ အကောက်ခွန့်ကင်းလွတ်ခွင့်ဇုန်ရှိ ဆီနဲ့ တာယာများ သိုလှောင်ထားတဲ့ ကုန်လှောင်ရုံတစ်ခုမှာ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ မီးလောင်မှုကြောင့် ဒဏ်ရာရသူ မရှိခဲ့ဘဲ မီးလောင်တဲ့ ကုန်လှောင်ရုံနေရာမှာပင် မီးကိုထိန်းနိုင်ခဲ့ပြီး အခြားသို့ ကူးစက်ခဲ့ခြင်း မရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဘေရွတ်ဆိပ်ကမ်း မီးလောင်မှုကြီးမှ ထွက်ပေါ်နေတဲ့ မီးခိုးတွေဟာ မြို့ရဲ့ကောင်းကင်ယံမှာ ဖုံးလွှမ်းနေခဲ့ပြီး မီသတ်သမားများနဲ့ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေက မီးငြှိမ်းသတ်ရန် ကြိုးပမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။ ဆိပ်ကမ်း ကုန်လှောင်ရုံ မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။ ဆိုရှယ်မီဒီယာမှာ မျှဝေထားတဲ့ မှတ်တမ်းအရ ဆိပ်ကမ်းအလုပ်သမားတွေဟာ မီးဘေးလွတ်ရာသို့ ထွက်ပြေးနေတာ တွေ့ရပါတယ်။

(Photo: Reuters)

မီးလောင်မှုအတွင်း လူအချို့ အသက်ရှူကျပ်မှု ခံစားခဲ့ရပေမဲ့ အခြား ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း လက်ဘနွန်ကြက်ခြေနီအသင်း အကြီးအကဲ George Kettaneh က ပြောကြားခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ မီးလောင်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားနိုင်ခြင်း မရှိကြောင်းလည်း George Kettaneh က ဆိုပါတယ်။

မီးလောင်မှုဖြစ်ပွားတဲ့ ကုန်လှောင်ရုံကနေ အခြား နေရာများသို့ မီးကူးစက်ခြင်း မဖြစ်စေရန် အပြည့်အဝ ထိန်းချုပ်ထားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးဌာန အထွေထွေညွှန်ကြားရေးမှူး Raymond Khattar က ပြောခဲ့ပါတယ်။ ယခု မီးလောင်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် လက်ဘနွန်အာဏာပိုင်တွေက ညွှန်ကြာထားကြောင်း BBC သတင်းက ဖော်ပြပါတယ်။

(Photo: Reuters)

ဘေရွတ်ဆိပ်ကမ်းမှာ ဩဂုတ် ၄ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီဝန်းကျင်က အမိုနီယံနိုက်ထရိတ် (ammonium nitrate) တန်ချိန် ၂,၇၅၀ ကြောင့် ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ဖူးပါတယ်။ ထိုပေါက်ကွဲမှုကြီးကြောင့် ဒဏ်ရာရသူ ၆,၀၀၀ ကျော်ရှိခဲ့ပြီး နေအိမ်နဲ့ အဆောက်အအုံ အများအပြား ပျက်စီးခဲ့ကာ လူဦးရေ ၃၀၀,၀၀၀ အထိ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြပါတယ်။ ဘေရွတ်ဆိပ်ကမ်းမှာ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီးနောက် ပြည်သူလူထုက ဒေါသတကြီး ဆန္ဒပြမှုတွေ အပြင်းအထန် ပေါ်ပေါက်လာခဲ့ပြီး ဩဂုတ် ၁၀ ရက်နေ့မှာ လက်ဘနွန်အစိုးရတစ်ဖွဲ့လုံး နုတ်ထွက်သွားခဲ့ပါတယ်။


.


ဆက်စပ်အကြောင်းအရာများ


Author


က္က