ယခင်က တွက်ဆထားခဲ့မှုထက် သုံးဆပိုများလိမ့်မယ်လို့ ဆိုပါတယ်။

ကမ္ဘာတစ်ဝှမ်း ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ရေမျက်နှာပြင်များ မြင့်တက်လာပြီး ၂၀၅၀ ပြည့်နှစ်အရောက်မှာ ကမ်းရိုးတန်းဒေသ ရေကြီးမှုအန္တရာယ်ကို ကြုံတွေ့ရနိုင်တဲ့ လူဦးရေပမာဏဟာ ယခင်က တွက်ဆထားခဲ့မှုထက် သုံးဆပိုများလိမ့်မယ်လို့ အောက်တိုဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ သုတေသနပြု လေ့လာမှုက ဆိုပါတယ်။

(Photo: Reuters)

အာရှဒေသတစ်ခွင်နဲ့ မြောက်အမေရိကနဲ့ ဥရောပရှိ မြို့ကြီးတွေဟာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုအန္တရာယ် ကြုံတွေ့နိုင်ပါတယ်။ အမေရိကန်အခြေစိုက် Climate Central က ပြုလုပ်ခဲ့တဲ့ သုတေသနက ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကသောင်းကနင်းဖြစ်မှု အတိုင်းအတာကို ဖော်ပြထားပြီး ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး နေရာဒေသအချို့ကို ခြိမ်းခြောက်မှုတိုးမြင့်လာနေတယ်လို့ ဆိုပါတယ်။



Climate Central ရဲ့ သုတေသနအရ ၂၀၅၀ ပြည်နှစ်အရောက်မှာ တစ်နှစ်လျှင်တစ်ကြိမ် ရာသီဥတုကပ်ဘေးအဖြစ် အဆိုးရွားဆုံး ရေကြီးမှုကြုံရနိုင်ပါတယ်။ အစောပိုင်းမှာတော့ လူဦးရေ သန်း ၈၀ ဟာ နှစ်စဉ် ထိုသို့ ရေကြီးမှုကြုံရနိုင်ကြောင်း ခန့်မှန်းထားခဲ့တာလည်း ဖြစ်ပါတယ်။

(Photo: Reuters)

စက်တင်ဘာလအတွင်း ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂအစီရင်ခံစာကလည်း ကမ္ဘာကြီးပူနွေးလာစေတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို အပြင်းအထန် လျှော့ချသည့်တိုင် ၂၀၅၀ ပြည့်နှစ်အရောက်မှာ ကမ်းရိုတန်းဒေသရှိ မြို့ကြီးတွေနဲ့ ကျွန်းငယ်များဟာ ရာစုနှစ်တစ်ခုမှာ တစ်ကြိမ် ကြုံတွေ့ရနိုင်င်တဲ့ ရာသီဥတုကပ်ဘေးကျရောက်မှုကို နှစ်စဉ် ကြုံတွေ့လာရနိုင်ကြောင်း ပြောထားပါတယ်။

Climate Central က ပြုလုပ်ခဲ့တဲ့ သုတေသနအရ ပင်လယ်ရေမျက်နှာပြင်များ မြင့်တက်ပြီး နှစ်စဉ် ရေကြီးမှုအန္တရာယ်ကြုံရနိုင်တဲ့ ကမ္ဘာ့လူဦးရေ သန်း ၃၀၀ အနက် ၇၀ ရာခိုင်နှုန်းကျော်ဟာ အာရှဒေသတွင်းမှ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတို့မှာ နေထိုင်လျက်ရှိကြကြောင်း တွေ့ရှိရပါတယ်။

သုတေသနတွေ့ရှိချက်အရ အထူးသဖြင့် အရှေ့တောင်အာရှမှ ဘန်ကောက်၊ ဂျကာတာနဲ့ ဟိုချီမင်းမြို့တွေဟာ ၂၀၅၀ ပြည့်နှစ်အရောက် နှစ်စဉ် ရေကြီးမှုအန္တရာယ်ကို ကြုံရနိုင်တယ်လို့ သိရပါတယ်။ ကာဗွန်ထုတ်လွှတ်မှုများ ဆက်လက်ရှိနေခြင်းနဲ့အတူ တောင်ဝင်ရိုးစွန်းမှာ ရေခဲပြင်များအခြေအနေ မတည်ငြိမ်မှုတို့ကြောင့် ရာစုနှစ်ကုန်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ ဗီယက်နမ်တို့ရဲ့ လူဦးရေ သုံးပုံတစ်ပုံ နေထိုင်ကြရာ ကုန်းမြေနေရာဟာ ရေအောက်ရောက်သွားမယ်လို့လည်း ဆိုပါတယ်။

(Photo: AP/Kyodo)

ယခုနှစ် ဇူလိုင်လအတွင်း ဆွစ်ဇာလန်နိုင်ငံ ETH Zurich သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ရှိ Crowther Lab သုတေသနအဖွဲ့မှ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေက ၂၀၅၀ ပြည့်နှစ်အရောက်မှာ ရာသီဥတုပြောင်းလဲမှုကို မကြုံစဖူး ရင်ဆိုင်ကြုံတွေ့ရဖွယ်ရှိနေကြောင်း သတိပေးခဲ့ပါတယ်။

Crowther Lab အဖွဲ့က ကမ္ဘာတစ်ဝှမ်းမှ မြို့ကြီးများအားလုံးနဲ့ လူဦးရေတစ်သန်းအထက် နေထိုင်ကြတဲ့ မြို့များအပါအဝင် မြို့ပေါင်း ၅၂၀ ကို သုတေသနပြု လေ့လာဆန်းစစ်ခဲ့ကြပါတယ်။ ထိုမြို့များအနက် ၂၂ ရာခိုင်နှုန်းဖြစ်တဲ့ ၁၁၅ မြို့ဟာ မကြုံစဖူး ရာသီဥတုအပြောင်းအလဲကို ကြုံတွေ့လိမ့်မယ်လို့ သိရပါတယ်။

(Photo: AP)

မကြုံစဖူး ရာသီဥတုပြောင်းလဲမှုတွေ ကြုံတွေ့ရမယ့် မြို့များအနက် ၆၄ ရာခိုင်နှုန်းအထိဟာ အပူပိုင်းဒေသမှာရှိနေပြီး မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ အင်ဒိုနီးရှားမှ ဂျကာတာမြို့၊ မလေးရှားမှ ကွာလာလမ်ပူမြို့နဲ့ စင်ကာပူနိုင်ငံ စင်ကာပူမြို့တို့လည်း ပါဝင်ပါကြောင်း သိရပါတယ်။

နှစ်စဉ် ကမ်းရိုးတန်းဒေသ ရေကြီးမှုကြုံရနိုင်တဲ့ အာရှနိုင်ငံများနဲ့လူဦးရေ

၁။ တရုတ် (ပြည်မကြီး) - ၉၃ သန်း (ယခင်တွက်ဆမှု ၂၉ သန်း)

၂။ ဘင်္ဂလားဒေ့ရှ် - ၄၂ သန်း (ယခင်တွက်ဆမှု ၅ သန်း)

၃။ အိန္ဒိယ - ၃၆ သန်း (ယခင်တွက်ဆမှု ၅ သန်း)

၄။ ဗီယက်နမ် - ၃၁ သန်း (ယခင်တွက်ဆမှု ၉ သန်း)

၅။ အင်ဒိုနီးရှား - ၂၃ သန်း (ယခင်တွက်ဆမှု ၅ သန်း)

၆။ ထိုင်း - ၁၂ သန်း (ယခင်တွက်ဆမှု ၁ သန်း)

Source: Climate Central, Reuters


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က