တစ်နာရီလျှင် ၁၁၈ မိုင် အမြန်နှုန်းဖြင့် စီးနင်းပျံသန်းပြခဲ့ပါတယ်။

ယခုနှစ် ကျင်းပပြုလုပ်တဲ့ ပြင်သစ်နိုင်ငံ အမျိုးသားနေ့အထိမ်းအမှတ် စစ်ရေးပြချီတက်ပွဲမှာ အနာဂတ်ကာလ ပြင်သစ်စစ်တပ်မှာ ပါဝင်လာနိုင်ဖွယ်ရှိတဲ့ မိုးပျံစစ်သား စွမ်းဆောင်ရည်ပုံစံကို မြင်တွေ့ခဲ့ကြရပါတယ်။

(Photo: Reuters)

တနင်္ဂနွေနေ့ (ဇူလိုင် ၁၄ ရက်) က ပြင်သစ်အမျိုးသားနေ့ (Bastille Day) အထိမ်းအမှတ် စစ်ရေးပြချီတက်ပွဲ အခမ်းအနားကို ပါရီမြို့မှာ ကျင်းပပြုလုပ်ခဲ့ရာ ရိုင်ဖယ်သေနတ်ကိုင်ဆောင်လျက် အနာဂတ်စိတ်ကူး မိုးပျံစစ်သားစွမ်းရည် ပြသမှုလည်း ပါဝင်ခဲ့ပါတယ်။



Jet-Skiing ချန်ပီယံဟောင်းနဲ့ စွန့်ဦးတီထွင်သူ ဖရန်ကီဇာပါတာ (Franky Zapata) က ၎င်းတီထွင်ထားတဲ့ Flyboard ကို စီးနင်းပျံသန်းဟာ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နဲ့ ဂျာမန်အဓိပတိ အန်ဂျလာမာကယ် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့အပေါ် ကောင်းကင်မှာ ပျံဝဲပြခဲ့တာဖြစ်ပါတယ်။

(Photo: Reuters)

ဇာပါတာက ၎င်းတီထွင်ထားတဲ့ Flyboard ကို တစ်နာရီလျှင် ၁၁၈ မိုင် အမြန်နှုန်းဖြင့် စီးနင်းပျံသန်းပြသခဲ့ပြီးနောက် သက်သောင့်သက်သာဖြင့် မြေပြင်ကိုဆင်းသက်ခဲ့ပါတယ်။ ဇာပါတာက Flyboard တွေကို အနာဂတ်ကာလမှာ ပြင်သစ်စစ်တပ်သို့ ရောင်းချရန်မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

ပြင်သစ်အမျိုးသားနေ့ စစ်ရေးပြချီတက်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ပြင်သစ်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် Lord Edward Llewellyn က ဇာပါတာရဲ့ Flyboard စီးနင်းပျံသန်းပြမှုကို ဗီဒီယိုရိုက်ကူးကာ ၎င်းရဲ့ Twitter မှာတင်ခဲ့ပြီး 'မိုးပျံစစ်သားတစ်ယောက်' လို့ ရေးသားထားခဲ့ပါတယ်။

(Photo: AFP/Getty Images)

ပြင်သစ်စစ်တပ်က ယခုနှစ် အမျိုးသားနေ့ စစ်ရေးပြချီတက်ပွဲမှာ ဆန်းသစ်တီထွင်မှုအဖြစ် Flyboard စီးနင်းပျံသန်းတဲ့ အနာဂတ် မိုးပျံစစ်သားစိတ်ကူးပုံစံကို ပြသခဲ့တာလည်း ဖြစ်ပါတယ်။ ပြင်သစ် လက်နက်ကိုင်တပ်ဖွဲ့များဝန်ကြီး Florence Parly က ယနေ့ပြသခဲ့တဲ့ Flyboard ကို ဘက်စုံသုံးအတွက် စမ်းသပ်သွားမယ်လို့ ဆိုပါတယ်။

Flyboard ကို ထောက်ပံ့ပို့ဆောင်ရေး သို့မဟုတ် ချေမှုန်းတိုက်ခိုက်ရေးတို့အတွက် စမ်းသပ်သွားမယ်လို့ သူမက ဥပမာပေး ပြောကြားခဲ့ပါတယ်။ ပြင်သစ်စစ်ရေးပြချီတက်ပွဲမှာ ပါဝင်ပြသခဲ့တဲ့ Flyboard ဟာ Back to the Future ရုပ်ရှင်ဇာတ်ကားထဲမှာ မင်းသား မိုက်ကယ်ဂျေဖောက်စ်က သရုပ်ဆောင်ခဲ့တဲ့ Marty McFly ဇာတ်ကောင် အသုံးပြုခဲ့တဲ့ hoverboard နဲ့ အလွန်ဆင်တူကြောင်း Flyboard တီထွင်သူ ဇာပါတာက ဝန်ခံခဲ့ပါတယ်။

(Photo: Reuters)

ဇာပါတာက တာဘိုင်အင်ဂျင်ပါဝါသုံး Flyboard ကို ၎င်းရဲ့နေအိမ်ရှိ ကားဂိုဒေါင်မှာ တီထွင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဇာပါတာရဲ့ Flyboard ဟာ အမြန်နှုန်း တစ်နာရီလျှင် ၁၁၈ မိုင်အထိဖြင့် စီးနင်းပျံသန်းနိုင်ပြီး လေထဲမှာ ၁၀ မိနစ်ကြာအထိ နေနိုင်ကြောင်းလည်း သိရပါတယ်။

လက်ရှိမှာ ဇာပါတာက အင်္ဂလိပ်ရေလက်ကြားကို Flyboard စီးနင်းပျံသန်းပြီး ဖြတ်သန်းရန် စီစဉ်နေပြီး ထိုသို့ဖြတ်သန်းစဉ် လမ်းခရီးမှာ လောင်စာဆီ ပြန်ဖြည့်ရမယ်လို့ဆိုပါတယ်။ ဇာပါတာက အင်္ဂလိပ်ရေလက်ကြားကို Flyboard ဖြင့် ဖြတ်သန်းမှုခရီးအား လာမယ့် ဇူလိုင် ၂၅ ရက်နေ့မှာ အကောင်အထည်ဖော်ရန် မျှော်လင့်ထားပါတယ်။

(Photo: AFP/Getty Images)

ယမန်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ပြင်သစ်အမျိုးသားနေ့ စစ်ရေးပြချီတက်ပွဲမှာ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၄,၀၀၀ ကျော် ပါဝင်ခဲ့ကြပြီး ပါရီမြို့ Place de la Concorde သို့ စစ်ဘက်သုံးယာဉ်များနဲ့အတူ ချီတက်ခဲ့ကြပါတယ်။ စစ်ရေးပြအခမ်းအနားမှာ ပြင်သစ်တိုက်လေယာဉ်တွေကလည်း အလှပြပျံသန်းခဲ့ကြတာ တွေ့ရပါတယ်။

ပြင်သစ်နိုင်ငံက သမ္မတမက်ခရွန်လက်ထက်မှာ ခေတ်မီစစ်တပ်ဖြစ်စေရန် ရည်မှန်းထားပါတယ်။ ပြင်သစ်လေတပ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အာကာသတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း သမ္မတမက်ခရွန်က စနေနေ့ (ဇူလိုင် ၁၃ ရက်) မှာ တရားဝင် ကြေညာခဲ့ကြောင်း Daily Mail သတင်းမှာ ဖော်ပြပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က