ပြင်သစ်နိုင်ငံသားတွေဟာ ဗိုင်းရ်စ်နဲ့အတူ ရှင်သန်နေထိုင်ရန် လေ့လာသင်ယူကြရမယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

ပြင်သစ်နိုင်ငံမှာ COVID-19 ကူးစက်ဖြစ်ပွားမှု ထိန်းချုပ်ဟန့်တားရေး lockdown အစီအမံများ လုပ်ထားခဲ့ခြင်းဖြင့် တစ်လအတွင်း လူ့အသက် ၆၂,၀၀၀ ထက်မနည်းကို ကယ်နိုင်ခဲ့တယ်လို့ ဝန်ကြီးချုပ် Edouard Philippe က တနင်္လာနေ့ (ဧပြီ ၂၇ ရက်) က လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

(Photo: EPA)

သို့သော် အသွားအလာ ပိတ်ပင်ကန့်သတ်ပြီး lockdown လုပ်ထားတဲ့ အစီအမံတွေကို ဆက်လက်ထားရှိပါက စီးပွားရေးပြိုလဲနိုင်တဲ့ အန္တရာယ်ရှိကြောင်း ၎င်းကဆိုပါတယ်။ ဝန်ကြီးချုပ် Edouard Philippe က COVID-19 ရောဂါဗိုင်းရပ်စ် တိုက်ဖျက်ရေး lockdown စီမံဆောင်ရွက်မှုတွေကို ဖြည်းဖြည်းချင်း လျှော့ချသွားမယ့် အစီအစဥ်ကို လွှတ်တော်မှာ ရှင်းလင်းတင်ပြစဥ် ထိုသို့ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။



ပြင်သစ်နိုင်ငံသားတွေဟာ ဗိုင်းရ်စ်နဲ့အတူ ရှင်သန်နေထိုင်ရန်နဲ့ ၎င်းတို့ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် လေ့လာသင်ယူကြရမယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။ ဝန်ကြီးချုပ် Edouard Philippe က လွှတ်တော်မှာ ရှင်းလင်းတင်ပြမှုအရ ပြင်သစ်မှာ လာမယ့် မေလ ၁၁ ရက်မှစပြီး ပိတ်ပင်ကန့်သတ်မှုတွေ ဖြေလျှော့ပေးသွားမယ်လို့ သိရပါတယ်။
(Photo: Reuters)

ကျန်းမာရေးအခြေအနေ ဆိုးရွားနေပါက lockdown လုပ်မှုကို ရုပ်သိမ်းမှာမဟုတ်ကြောင်းလည်း ဝန်ကြီးချုပ်က ဖြည့်စွက်ပြောပါတယ်။ အကယ်၍ lockdown ရုပ်သိမ်းလိုက်ပါက ဇွန်လ ၂ ရက်နေ့အထိ စောင့်ကြည့်အစီအစဥ်ကို ဆောင်ရွက်သွားမယ်လို့ ၎င်းကဆိုပါတယ်။ မေလ ၁၁ ရက် နောက်ပိုင်းမှာလည်း လူများ အချင်းချင်း ခပ်ခွာခွာနေကြရမယ့် အစီအစဥ်ကို ဆက်လက် လိုက်နာစေမှာဖြစ်ပြီး အဆောက်အအုံအတွင်းနဲ့ ပြင်ပနေရာတွေမှာ လူ ၁၀ ဦးထက်ပိုတဲ့ စုဝေးမှုတွေကိုလည်း တားမြစ်ထားမယ်လို့ သိရပါတယ်။

ထို့အတူ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်များ အသုံးပြုသွားလာပါက mask မဖြစ်မနေ တပ်ထားရမယ့် စည်းမျဥ်းစည်းကမ်း ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ ပြင်သစ်မှာ စာသင်ကျောင်းတွေကိုလည်း မူကြိုနဲ့ မူလတန်းမှစပြီး ဖြည်းဖြည်းချင်း ပြန်ဖွင့်သွားမှာဖြစ်ကာ ကျောင်းတွေမှာ mask များ မဖြစ်မနေ တပ်ထားရမယ့် စည်းမျဥ်းစည်းကမ်း သတ်မှတ်သွားရန် စီစဥ်ထားပါတယ်။

(Photo: AFP)

Lockdown အစီအမံများ ဖြေလျှော့ပေးမှုတွေအနက် ၆၂ မိုင်ထက်မပိုတဲ့ အကွာအဝေးကို ခရီးထွက်သူတွေဟာ အစိုးရထံ အကြောင်းပြချက် တင်သွင်းစရာ မလိုအပ်တော့ဘူးလို့ ဆိုပါတယ်။ ပြင်သစ်မှာ lockdown အစီအမံတွေကို စတင်ဖြေလျှော့ပေးသွားဖွယ်ရှိပေမဲ့ COVID-19 အ‌ရေးပေါ်အခြေအနေ ထုတ်ပြန်ထားမှုကိုတော့ ဇူလိုင် ၂၃ ရက်နေ့အထိ တိုးချဲ့သတ်မှတ်ထားမယ်လို့ ဝန်ကြီးချုပ်က လွှတ်တော်ကို တင်ပြထားပါတယ်။

ပြင်သစ်ဟာ ဥရောပမှာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံတွေအနက် အပါအဝင်ဖြစ်ပြီး ဧပြီ ၂၈ ရက် ညပိုင်းအထိ စာရင်းတွေအရ ကူးစက်ခံရသူ ၁၆၅,၈၄၂ ဦးနဲ့ သေဆုံးသူ ၂၃,၂၉၃ ဦးအထိ ရှိခဲ့ပါတယ်။ ပြင်သစ်မှာ ဧပြီ ၂၈ ရက် ညပိုင်းအထိ ပြန်လည်သက်သာသွားတဲ့ COVID-19 လူနာအရေအတွက် ၄၅,၅၁၃ ဦး ရှိခဲ့ပါတယ်။ ဥရောပမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အဆိုးဆုံး နိုင်ငံတွေဖြစ်ခဲ့တဲ့ အီတလီ၊ စပိန်နဲ့ ဂျာမနီတို့မှာလည်း အသွားအလာ ပိတ်ပင်ကန့်သတ်ပြီး lockdown လုပ်ထားမှုတွေကို စတင်ဖြေလျှော့ပေးနေတယ်လို့ ဆိုပါတယ်။

Source: RT, BBC, AFP


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က