ဓားဖြင့်တိုက်ခိုက်ခဲ့သူဟာ ဆူဒန်ဒုက္ခသည်တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဓားကိုင်တိုက်ခိုက်မှုကို အကြမ်းဖက်သမား တိုက်ခိုက်မှုတစ်ခုအဖြစ် ပြည်ထဲရေးဝန်ကြီးက ရည်ညွှန်းပြောဆိုခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

(Photo: AFP)

စနေနေ့ (ဧပြီ ၄ ရက်) Grenoble မြို့အနီး Romans-sur-Isère မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဓားဖြင့်တိုက်ခိုက်မှုအတွင်း လူနှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့ပါတယ်။ ပြင်သစ်အစိုးရက ယခုဖြစ်ရပ်ကို အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုအဖြစ် စုံစမ်းစစ်ဆေးနေပါတယ်။ ဓားကိုင်တိုက်ခိုက်သူက Romans-sur-Isère မြို့ရှိ ဆေးလိပ်အရောင်းဆိုင်တစ်ဆိုင်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။



အကြမ်းဖက်တိုက်ခိုက်သူက ဆေးလိပ်အရောင်းဆိုင်ပိုင်ရှင်နဲ့ ဝယ်သူတစ်ဦးကို ဓားဖြင့်ထိုးခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ၎င်းကို ဖမ်းဆီးရမိခြင်းမရှိမီ အခြား ဆိုင်နှစ်ဆိုင်မှာလည်း နောက်ထပ် လူတွေကို တိုက်ခိုက်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ အဆိုအရ ဓားဖြင့်တိုက်ခိုက်ခဲ့သူဟာ Romans-sur-Isère မြို့မှာနေထိုင်တဲ့ အသက် ၃၀ ကျော်အရွယ် ဆူဒန်ဒုက္ခသည်တစ်ဦးဖြစ်ကြောင်း သိရပါတယ်။

(Photo: AFP via Getty Images)

၎င်းကို ဖမ်းဆီးခဲ့စဥ် ဓားကိုင်တိုက်ခိုက်သူ အမျိုးသားက ပလက်ဖောင်းပေါ်မှာ ဒူးထောက်ပြီး အာရပ်ဘာသာဖြင့် ဆုတောင်းနေခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးအဖွဲ့က ယခုဖြစ်ရပ်ကို အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ လူသတ်မှုအဖြစ် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေပါတယ်။

ဓားဖြင့်တိုက်ခိုက်ကြောင်း သံသယရှိသူဟာ ရဲတပ်ဖွဲ့ သို့မဟုတ် ထောက်လှမ်းရေးဌာနများထံမှာ ယခင်က မှတ်တမ်းမရှိထားသူဖြစ်ကြောင်း သတင်းဝက်ဘ်ဆိုက် France Bleu က ဖော်ပြပါတယ်။ ဓားကိုင်တိုက်ခိုက်သူဟာ ဆေးလိပ်ဆိုင်မှ ထွက်ခွာခဲ့ပြီးနောက် အသားအရောင်းဆိုင်တစ်ဆိုင်ကို သွားရောက်ခဲ့ပြီး ထိုဆိုင်ကနေ နောက်ထပ် ဓားတစ်ချောင်းဆွဲယူကာ မုန့်အရောင်းဆိုင်အပြင်ဘက်ရှိ တန်းစီစောင့်ဆိုင်းနေသူတွေကို တိုက်ခိုက်ခဲ့ကြောင်း Romans-sur-Isère မြို့အုပ်ချုပ်ရေးမှူး Marie-Helene Thoraval က AFP သတင်းဌာနကို ပြောပါတယ်။

(Photo: Getty Images)

အသားအရောင်းဆိုင်ပိုင်ရှင် Ludovic Breyton ရဲ့ အဆိုအရ သံသယရှိသူဟာ ၎င်းရဲ့ဆိုင်မှာ ဓားတစ်ချောင်းဆွဲယူပြီး ကောင်တာပေါ်ကနေ ခုန်ကျော်သွားကာ ဝယ်သူတစ်ဦးကို တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။ ဓားကိုင်တိုက်ခိုက်သူနဲ့ အတူနေထိုင်သူ နောက်ထပ် တစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း France Bleu သတင်းက ပြောပါတယ်။

ဓားဖြင့် အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့သူတွေအနက် နှစ်ဦးရဲ့အခြေအနေဟာ အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ ပြင်သစ်မှာ ၂၀၁၅ ခုနှစ်က ပါရီမြို့အတွင်း အိုင်အက်စ်အကြမ်းဖက်အုပ်စုရဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်း အကြမ်းဖက်တိုက်ခိုက်မှု သတိပေးချက်ကို တိုးမြှင့်ထုတ်ပြန်ထားခဲ့ကြောင်း သိရပါတယ်။

(Photo: Alex Martin/EPA-EFE)

လက်ရှိအချိန်မှာ ပြင်သစ်ဟာ COVID-19 ကပ်ရောဂါကို ရင်ဆိုင်နေရပြီး သေဆုံးမှုနဲ့ ကူစက်မှု အများဆုံးနိုင်ငံတွေအနက် ပါဝင်နေပါတယ်။ ယနေ့ (ဧပြီ ၅ ရက်) မွန်းလွဲပိုင်းအထိ ပြင်သစ်မှာ COVID-19 ကူးစက်ခံရသူ ၈၉,၉၅၃ ဦး၊ သေဆုံးသူ ၇,၅၆၀ ဦးနဲ့ ပြန်လည်သက်သာလာသူ ၁၅,၄၃၈ ဦးရှိခဲ့ပါတယ်။ ပြင်သစ်မှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုဟာ ထိုရောဂါ စတင်တွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံမှာထက် ပိုမိုများပြားနေခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က