အများပြည်သူဆိုင်ရာ အဆောက်အအုံ အားလုံးထဲမှာလည်း စည်းမျဥ်းစည်းကမ်းအရ မဖြစ်မနေ mask တပ်ထားရမှာပါ။

COVID-19 ကူးစက်မှုအသစ်များ တွေ့ရှိလာရတဲ့ ပြင်သစ်နိုင်ငံမှာ အများပြည်သူဆိုင်ရာ အဆောက်အအုံ အားလုံးထဲမှာ စည်းမျဥ်းစည်းကမ်းအရ မဖြစ်မနေ mask တပ်ထားရန် ယနေ့ (ဇူလိုင် ၂၀ ရက်) ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။

(Photo: Reuters)

ပြင်သစ်မှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် အသုံးပြုပါက စည်းမျဥ်စည်းကမ်းအရ mask မဖြစ်မနေ တပ်ထားရန် ယခင်ကတည်းက သတ်မှတ်ညွှန်ကြားထားခဲ့ပါတယ်။ သို့သော် ယနေ့မှစပြီး ဈေးဆိုင်ကဲ့သို့ နေရာတွေမှာလည်း စည်းမျဥ်းစည်းကမ်းအရ မဖြစ်မနေ mask တပ်ထားရန် ထပ်မံ ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။



ပြင်သစ်မှာ COVID-19 ကူးစက်မှုအစုအဝေး ၄၀၀ နဲ့ ၅၀၀ ကြားရှိနေကြောင်း ကျန်းမာရေးဝန်ကြီး Oliver Véran က သတိပေးခဲ့ပါတယ်။ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က COVID-19 တိုက်ဖျက်မှု ပထမအောင်ပွဲရခဲ့ပြီလို့ ဇွန်လအတွင်း ကြေညာခဲ့ပြီး တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ ထုတ်ပြန်ထားမှုကို ရုပ်သိမ်းခဲ့ပါတယ်။

(Photo: Getty Images)

သို့သော် ပြင်သစ်မှာ ပြည်တွင်းကူးစက်မှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ အနောက်မြောက်ပိုင်းနဲ့ အရှေ့ပိုင်း နယ်မြေတွေမှာ ကူးစက်မှုတွေ မြင့်တက်နေခဲ့ပြီး အထူးသဖြင့် အနောက်မြောက်ပိုင်းရှိ Mayenne ဒေသမှာ သိသာစွာ မြင့်တက်နေကြောင်း BBC သတင်းက ဖော်ပြပါတယ်။

ပြင်သစ်ဟာ တစ်ချိန်က ဥရောပရှိ COVID-19 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံး နိုင်ငံတွေအနက် ပါဝင်ခဲ့ပြီး ကူးစက်ခံရသူ ၂၀၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။ ပြင်သစ်မှာ ယခု အသစ်ထုတ်ပြန်လိုက်တဲ့ စည်းမျဥ်းစည်ကမ်းအရ ဈေးဆိုင်ကဲ့သို့ နေရာတွေမှာ mask မတပ်ထားပါကလည်း ဒဏ်ကြေးငွေ ၁၃၅ ယူရို (မြန်မာကျပ်ငွေ ၂၀၀,၀၀၀ ကျော်) ပေးဆောင်ရမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က