စနိုက်ပါသေနတ်သမားတွေက ရဟတ်ယာဥ်များဖြင့် ပျံသန်းရှာဖွေကာ ပစ်ခတ်သုတ်သင်မှာပါ။

ပူပြင်းခြောက်သွေ့မှု ကြုံတွေ့နေရတဲ့ ဩစတြေးလျတောင်ပိုင်းမှာ ကုလားအုတ်များ ရေအလွန်သောက်ခြင်းကို တားဆီးနိုင်ရန်အတွက် ကုလားအုတ်အကောင်ရေ ၁၀,၀၀၀ အထိကို စနိုက်ပါသေနတ်သမားတွေက ရဟတ်ယာဥ်များဖြင့် ပျံသန်းရှာဖွေကာ ပစ်ခတ်သုတ်သင်မှုတွေ ယနေ့ (ဇန်နဝါရီ ၈ ရက်) စတင်လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

(Photo: Ezra Shaw/Getty Images)

Anangu Pitjantjatjara Yankunytjatjara (APY) နယ်မြေ ရှေးလူမျိုးစုခေါင်းဆောင်တွေထံမှ ညွှန်ကြားချက်အရ သေနတ်သမားတွေက ကုလားအုတ်တွေကို သုတ်သင်မှာဖြစ်ပါတယ်။ ကုလားအုတ်တွေဟာ အဆိုပါ နယ်မြေအတွင်းရှိ လူနေဒေသများကို အုပ်စုလိုက်ဝင်ရောက်ပြီး ရေဘုံဘိုင်နဲ့ ရေတိုင်ကီများ အပါအဝင် ရေရနိုင်တဲ့နေရာကို အသည်းအသန် ရှာဖွေကြရာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်နေကြောင်း ဒေသခံတွေက တိုင်ကြားထားကြပါတယ်။



"ဒီမှာက ပူပြင်းခြောက်သွေ့တဲ့ အခြေအနေ ကြုံနေရသလို ကုလားအုတ်တွေဝင်လာပြီး ခြံစည်းရိုးတွေကို ထိုးဖျက်တာ၊ အိမ်တွေအနားရောက်လာတာ၊ လေအေးပေးစက်တွေက ထွက်လာတဲ့ရေကို သောက်ဖို့လုပ်ကြတာတွေကြောင့် နေလို့မကောင်းတဲ့ အခြေအနေဖြစ်နေတယ်လေ" လို့ APY အမှုဆောင်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Marita Baker က The Australian သတင်းဌာနကို ပြောပါတယ်။


(Photo: Saeed Khan/AFP via Getty Images)

အလေးချိန် ပေါင် ၁,၃၀၀ ခန့်ရှိတဲ့ ကုလားအုတ်တစ်ကောင်ဟာ သုံးမိနစ်အတွင်း ရေပမာဏ ၅၃ ဂါလံအထိ သောက်နိုင်ကြောင်းည်း သိရပါတယ်။ ကုလားအုတ်တွေထံမှ ဖန်လုံအိတ်ဓာတ်ငွေ့ထုတ်လွှတ်မှုအပေါ် စိုးရိမ်မှုတွေကြောင့်လည်း ၎င်းတို့ကို ရှင်းလင်းသုတ်သင်နေကြောင်း The Australian သတင်းက ဖော်ပြပါတယ်။

ကုလားအုတ်တွေ လူနေဒေသအတွင်း ဝင်ရောက်မွှေနှောက်ကာ ရေရှာဖွေကြရာမှ နေအိမ်ပျက်စီးမှုတွေနဲ့ ယာဥ်မောင်းတွေအတွက်လည်း အန္တရာယ်ဖြစ်စေနိုင်ကြောင်း ဒေသခံတွေက ဆိုပါတယ်။ ကုလားအုတ်တွေက တစ်နှစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုက် တစ်တန်နဲ့ညီမျှတဲ့ မီသိန်းဓာတ်ငွေ့ကို ထုတ်လွှတ်လေ့ရှိကြောင်းလည်း သိရပါတယ်။

(Photo: Getty Images)

တောင်ပိုင်းဩစတြေးလျ သဘာဝပတ်ဝန်းကျင်ဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကလည်း ကုလားအုတ်အကောင်ရေ တိုးပွားလာခြင်းဟာ ထိုနယ်မြေအတွင်း ပြဿနာတွေဖြစ်စေခဲ့ကြောင်း ပြောပါတယ်။ ကုလားအုတ်အကောင်ရေကို ထိန်းချုပ်ရန်လည်း ရည်ရွယ်ထားတဲ့ ယခု ရှင်းလင်းသုတ်သင်မှုဟာ ငါးရက်ကြာမယ်လို့ ဆိုပါတယ်။ ဩစတြေးလျနိုင်ငံတစ်ဝှမ်းမှာ ကုလားအုတ်အကောင်‌ရေ ၁.၂ သန်းရှိနိုင်ကြောင်း တာဝန်ရှိသူတွေက ခန့်မှန်းထားကြောင်း The Independent သတင်းမှာ ဖော်ပြထားပါတယ်။

ဩစတြေးလျမှာ ၂၀၁၉ ခုနှစ်အတွင်း စံချိန်တင် အပူဆုံးနဲ့ အခြောက်သွေ့ဆုံး ရာသီဥတုအခြေအနေကို ကြုံခဲ့ရပြီး လက်ရှိအချိန်ထိ အရှေ့တောင်ပိုင်း နေရာဒေသတွေမှာ တောမီးလောင်မှုများ အကြီးအကျယ် ဖြစ်ပွားနေကြောင်း သိရပါတယ်။ ဩစတြေးလျတောမီးကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး နေအိမ် ၂,၀၀၀ ကျော် ပျက်စီးခဲ့ပါတယ်။ တောမီးလောင်မှုအတွင်း တောရိုင်းတိရိစ္ဆာန်တွေ သေဆုံးမှုများလည်း ရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က