ဧပြီလကုန်ပိုင်းမှာ တွေ့ဆုံကြမယ်လို့ ဆိုပါတယ်။
Ko John

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ထိပ်သီးတွေ့ဆုံဆွေးနွေးရန် ရုရှားနိုင်ငံသို့ သွားရောက်မှာဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရသတင်းဌာနက အတည်ပြုခဲ့ပါတယ်။

(မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်) (Photo: KCNA)

ကင်မ်ဂျုံအန်က ၎င်းရဲ့ ရုရှားခရီးစဉ်အတွင်း မြောက်ကိုရီးယားရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွေကို နိုင်ငံခြားအကူအညီ ရရှိနိုင်ရေး ကြိုးပမ်းသွားမယ်လို့ ယူဆရပါတယ်။ ဖေဖေါ်ဝါရီလအတွင်းက အမေရိကန်နဲ့မြောက်ကိုရီးယားတို့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ မြောက်ကိုရီးယားအပေါ် အမေရိကန်က ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရေးကိစ္စနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲကာ ထိပ်သီးဆွေးနွေးပွဲ မအောင်မြင်ဘဲ အဆုံးသတ်ခဲ့ပါတယ်။

(ရုရှားသမ္မတ ဗလာဒီမာ ပူတင်) (Photo: Aleksey Nikolskyi)

ယခုအခါ ကင်မ်ဂျုံအန်က ရုရှားကို မကြာမီ သွားရောက်မှာဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရသတင်းဌာန KCNA (Korean Central News Agency) က အတည်ပြု ထုတ်ပြန်ခဲ့ပေမဲ့ နေ့ရက်၊ အချိန် သို့မဟုတ် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်မယ့်နေရာကိုတော့ မဖော်ပြခဲ့ပါဘူး။ ရုရှားသမ္မတနန်းတော် ပြောခွင့်ရအမျိုးသား ဒီမီထရီ ပက်စ်ကော့ဗ်ကတော့ ပူတင်နဲ့ကင်မ်ဂျုံအန်တို့ဟာ ဧပြီလကုန်ပိုင်းမှာ တွေ့ဆုံသွားမယ်လို့ ဧပြီ ၂၂ ရက်နေ့က သတင်းထောက်တွေကို ပြောခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

(ရုရှားနိုင်ငံ ဗလာဒီဗိုစတော့ခ်မြို့ မြင်ကွင်းတစ်ခု) (Photo: palytra.com)

တောင်ကိုရီးယားသတင်းဌာန Yonhap က ဖော်ပြခဲ့မှုအရ ကင်မ်ဂျုံအန်ရဲ့ ထိပ်တန်းလက်ထောက်ဖြစ်သူ ကင်မ်ချန်ဆွန်ကို ဧပြီ ၂၁ ရက်နေ့က ရုရှားနိုင်ငံ ဗလာဒီဗိုစတော့ခ် (Vladivostok) မြို့မှာ တွေ့ခဲ့ရပြီး ပူတင်နဲ့ကင်မ်ဂျုံအန် ထိပ်သီးဆွေးနွေးပွဲကို အဆိုပါမြို့မှာ ဧပြီ ၂၄၊ ၂၅ ရက်ဝန်းကျင်မှာ ပြုလုပ်သွားမယ်လို့ ခန့်မှန်းထားကြပါတယ်။

(ကင်မ်ဂျုံအန်နှင့် ဒေါ်နယ်ထရန့်တို့ ဟနွိုင်းမြို့မှာ တွေ့ဆုံခဲ့ကြစဉ်) (Photo: White House)

မြောက်ကိုရီးယားအကြောင်း အဓိက ဖော်ပြနေတဲ့ NK News ကလည်း ဗလာဒီဗိုစတော့ခ်မြို့ရှိ Far Eastern Federal တက္ကသိုလ်မှာ ပြင်ဆင်မှုများလုပ်ဆောင်နေမှုကို ဧပြီ ၂၂ ရက်နေ့က ၎င်းရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။ အဆိုပါ တက္ကသိုလ်နေရာမှာ အလုပ်သမားတွေက မြောက်ကိုရီးယားနဲ့ ရုရှားအလံများကို တပ်ဆင်နေကြပြီး နှစ်နိုင်ငံခေါင်းဆောင်များ ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်သွားမယ့် နေရာဖြစ်နိုင်တယ်လို့NK News က ပြောထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က