ဆေးရုံတက်နေရတဲ့ COVID-19 လူနာတွေအတွက် အရေးပေါ်အခြေအနေသုံးအဖြစ် FDA က ခွင့်ပြုလိုက်ပါတယ်။

ကယ်လီဖိုးနီးယားအခြေစိုက် ဆေးဝါးနဲ့ ဇီဝနည်းပညာကုမ္ပဏီ Gilead Sciences က ထုတ်လုပ်ထားတဲ့ Remdesivir ဆေးကို ဆေးရုံတွေမှာ COVID-19 လူနာများအား အရေးပေါ်အခြေအနေအတွက် ကုသဆေးအဖြစ် အသုံးပြုရန် အမေရိကန် FDA (Food and Drug Administration) က ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

(Photo: Reuters)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စမ်းသပ်အဆင့် Remdesivir ဆေးကို ဆေးရုံတက်နေရတဲ့ COVID-19 လူနာတွေအတွက် အရေးပေါ်အခြေအနေသုံးအဖြစ် FDA က ခွင့်ပြုလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ အိမ်ဖြူတော် ဘဲဥပုံခန်းမမှာ သမ္မတထရန့်နဲ့ Gilead Sciences အမှုဆောင်အရာရှိချုပ် ဒန်နီရယ်အိုဒေးတို့ တွေ့ဆုံခဲ့ကြစဥ် FDA ခွင့်ပြုချက်ဟာ အရေးကြီးတဲ့ ပထမခြေလှမ်းဖြစ်ကြောင်း ပြောခဲ့ကြပါတယ်။



Gilead Sciences က COVID-19 လူနာတွေကို ကုသရန်အတွက် Remdesivir ဆေးအရေအတွက် ၁.၅ သန်းကို လှူဒါန်းခဲ့ကြောင်းလည်း သိရပါတယ်။ "ဒါက ဆေးရုံတက်နေရတဲ့ လူနာတွေအတွက် အရေးကြီးတဲ့ ပထမခြေလှမ်းပါ၊ ဒီလူနာတွေ ဆေးရဖို့ ကျွန်တော်တို့ ဆောင်ရွက်ချင်ပါတယ်၊ ဒါကြော့င် Remdesivir ဆေး ၁.၅ သန်းကို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်" လို့ ဒန်နီရယ်အိုဒေးက ပြောခဲ့ပါတယ်။

(Photo: Washington Post/Getty Images)

COVID-19 လူနာများ အရေးပေါ်အခြေအနေအတွက် ကုသဆေးအဖြစ် အမေရိကန် FDA က ခွင့်ပြုလိုက်တဲ့ Remdesivir ဆေးရဲ့ ဈေးနှုန်းကိုတော့ Gilead Sciences ပြောကြားထားခြင်း မရှိသေးပါဘူး။ FDA ခွင့်ပြုချက်အရ ဆေးရုံတက်ရောက်နေရပြီး အောက်စီဂျင်ပေးထားရတဲ့ လူနာတွေကို Remdesivir ဆေးဖြင့် ကုသနိုင်မှာဖြစ်ပါတယ်။

Gilead Sciences ရဲ့ အဆိုအရ ယခု လှူဒါန်းခဲ့တဲ့ ဆေးတွေကို COVID-19 ကူးစက်မှု အဆိုးဆုံးဖြစ်ပွားနေတဲ့ မြို့ကြီးများရှိ ဆေးရုံများသို့ ပြည်ထောင်စုအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဖြန့်ဝေပေးသွားမယ်လို့ သိရပါတယ်။ လက်ရှိမှာ Remdesivir ဆေးကို အကန့်အသတ်ဖြင့်သာ ရရှိနိုင်သေးပြီး အထူးကြပ်မတ်ကုခန်းရှိတဲ့ ဆေးရုံများနဲ့ အစိုးရက အမှန်တစ်ကယ် လိုအပ်တယ်လို့ ယူဆထားတဲ့ အခြား ဆေးရုံများသို့ ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။

(Photo: LiveScience)

ကယ်လီဖိုးနီးယားပြည်နယ် ဖော်စတာမြို့အခြေစိုက် ဆေးဝါးနဲ့ ဇီဝနည်းပညာကုမ္ပဏီ Gilead Sciences က ထုတ်လုပ်ထားတဲ့ Remdesivir ဆေးကို မူလက အီဘိုလာ (Ebola) ရောဂါကုသရန် ရည်ရွယ်ခဲ့တာဖြစ်ပေမဲ့ စမ်းသပ်ကုသခဲ့ရာမှာ အောင်မြင်မှုအနည်းငယ်မျှသာ ရှိခဲ့ပါတယ်။

သို့သော် တိရိစ္ဆာန်တွေမှာ စမ်းသပ်လေ့လာတွေအရ Remdesivir ဟာ SARS (Severe Acute Respiratory Syndrome) နဲ့ MERS (Middle East Respiratory Syndrome) ဗိုင်းရပ်စ်များ အပါအဝင် COVID-19 နဲ့ ဆက်နွယ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်များ (coronaviruses) တားဆီးမှုနဲ့ကုသမှု နှစ်မျိုးလုံး လုပ်ဆောင်နိုင်ကြောင်း တွေ့ရပါတယ်။

(Photo: AP)

Remdesivir ဆေးဖြင့် COVID-19 လူနာ ၁,၀၆၃ ဦးကို အမေရိကန် National Institute of Allergy and Infectious Diseases (NIAID) အစီအစဥ်အရ စမ်းသပ်ကုသခဲ့ရာ သိသာထင်ရှားတဲ့ ထိရောက်မှုရှိပြီး ရလဒ်ကောင်းထွက်ပေါ်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်း COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုတွေအနက် အမေရိကန်နိုင်ငံမှာ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး တွေ့ရပါတယ်။

ယနေ့ (မေ ၂ ရက်) မနက်အစောပိုင်းအထိ အမေရိကန်မှာ COVID-19 ကူးစက်ခံရသူ ၁ သန်းကျော် (၁,၁၂၉,၀၃၉ ဦး) နဲ့ သေဆုံးသူ ၆၅,၇၁၁ ဦးအထိ များပြားခဲ့ပြီး ပြန်လည်သက်သာသူဦးရေ ၁၆၁,၅၅၁ ဦးဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာတော့ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၃ သန်းကျော် (၃,၃၉၅,၅၀၇ ဦး)၊ သေဆုံးသူ ၂၃၉,၃၄၆ ဦးနဲ့ ပြန်လည်သက်သာသူ ၁ သန်းကျော် (၁,၀၇၉,၃၂၁ ဦး) ရှိခဲ့ပါတယ်။

Source: ABC News, Reuters, The Guardian


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က