လူဦးရေ ၂၀,၀၀၀ အထိက ထိုင်းဘတ်ငွေ သန်း ၅၀ ဖိုးရှိ အွန်လိုင်းပရိုမိုးရှင်းကူပွန်များ ဝယ်ယူခဲ့ကြပါတယ်။
Ko John

ထိုင်းနိုင်ငံ တရားရုံးတစ်ရုံးက စားသောက်ဆိုင်ပိုင်ရှင်နှစ်ဦးအား အများပြည်သူကို လိမ်လည်မှုဖြင့် ထောင်ဒဏ် ၁,၄၄၆ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရပါတယ်။

(Photo: Laemgate Seafood Restaurant)

ဒါ့အပြင် နစ်နာသူတွေကိုလည်း ထိုင်းဘတ်ငွေ ၂.၅ သန်းခန့် ငွေပြန်ပေးရန် တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။ ထောင်ဒဏ်ချမှတ်ခံရသူ နှစ်ဦးက Laemgate ပင်လယ်စာ စားသောက်ဆိုင်ကို ပူးတွဲဖွင့်လှစ်ခဲ့ပြီး ယမန်နှစ်အတွင်း အွန်လိုင်းက‌နေ ကြိုတင်ငွေပေးချေရတဲ့ ပရိုမိုးရှင်းရှင်း အစီအစဥ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။

Laemgate ရဲ့ ကြိုတင်ငွေပေးချေရတဲ့ ပရိုမိုးရှင်းက စားသုံးသူတွေအတွက် ပင်လယ်စာဘူဖေးကို အလွန်သက်သာတဲ့ ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ပါတယ်။ လူ ၁၀ ဦးစာ ပင်လယ်စာဘူဖေးကို ထိုင်းဘတ်ငွေ ၈၈၀ (မြန်မာကျပ်ငွေ ၃၆,၀၀၀ ဝန်းကျင်)၊ လူ ၂၀ စာကို ထိုင်းဘတ်ငွေ ၂,၀၂၀ (မြန်မာကျပ်ငွေ ၈၆,၀၀၀ ကျော်) နဲ့ လူ ၃၀ စာအတွက် ထိုင်းဘတ်ငွေ ၃,၀၀၀ (မြန်မာကျပ်ငွေ ၁၃၀,၀၀၀ နီးပါး) ဖြစ်တယ်လို့ Thai PBS သတင်းက ဖော်ပြပါတယ်။

(Photo: muummaam/Facebook)

Laemgate ပင်လယ်စာ စားသောက်ဆိုင်ရဲ့ အဆိုပါ အစီအစဥ်မှာ လူဦးရေ ၂၀,၀၀၀ အထိက ထိုင်းဘတ်ငွေ သန်း ၅၀ (မြန်မာကျပ်ငွေ သန်း ၂,၀၀၀ ကျော်) ဖိုးရှိ အွန်လိုင်းပရိုမိုးရှင်းကူပွန်များ ဝယ်ယူခဲ့ကြတယ်လို့ ဆိုပါတယ်။ အစောပိုင်းမှာတော့ ကြိုတင်ငွေပေးချေပြီး ပရိုမိုးရှင်းကူပွန် ဝယ်ယူထားသူတွေဟာ Laemgate စားသောက်ဆိုင်ရဲ့ ဝန်ဆောင်မှုကို ကျေနပ်ခဲ့ကြပါတယ်။

သို့သော် နောက်ပိုင်းမှာတော့ စာရင်းပေးထားသူ များပြားလွန်းပြီး အမှန်တစ်ကယ် စားခွင့်မရမီ လနဲ့ချီကြာတဲ့အထိ ကြိုတင်စာရင်းပေးသွင်းရမှုအပေါ် အဆင်မပြေ ဖြစ်လာခဲ့ကြပါတယ်။ ထိုသို့ဖြစ်နေခဲ့ပြီးနောက် ယမန်နှစ် မတ်လအတွင်းမှာတော့ Laemgate က ဆိုင်ပိတ်တော့မယ်လို့ ကြေညာခဲ့ပါတယ်။

(Photo: Laemgate Seafood Restaurant)

စားသုံးသူတွေအတွက် လတ်ဆတ်တဲ့ ပင်လယ်စာ လုံလုံလောက်လောက် မရနိုင်တာကြောင့်လို့ ဆိုင်ပိုင်ရှင်တွေက အကြောင်းပြခဲ့ပြီး ပရိုမိုးရှင်းကူပွန် ဝယ်ယူထားသူတွေကို ငွေပြန်အမ်းမယ်လို့ ပြောခဲ့ပါတယ်။ ထို့နောက် စားသောက်ဆိုင်ရဲ့ လုပ်ရပ်ကို မကျေနပ်ကြတဲ့ စားသုံးသူအများအပြားက စားသုံးသူကာကွယ်ရေး ရဲတပ်ဖွဲ့ဌာနခွဲ (Consumer Protection Police Division) ထံ တိုင်ကြားခဲ့ကြပါတယ်။

ရာနဲ့ချီတဲ့ စားသုံးသူတွေက တိုင်ကြားလာခဲ့ပြီးနောက် Laemgate ပိုင်ရှင်နှစ်ဦးဖြစ်တဲ့ Apichart (Jome) Paronjullaka နဲ့ Prapassorn Bovornbancha တို့ကို ဖမ်းဆီးစွဲချက်တင်ခဲ့ကြောင်း သိရပါတယ်။ တရားရုံး ကြားနာစစ်ဆေးမှုအရ ၎င်းတို့ဟာ အများပြည်သူကို လိမ်လည်မှု ၇၂၃ မှုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ဇွန် ၁၀ ရက်နေ့မှာ ထောင်ဒဏ် ၁,၄၄၆ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

(ပိုင်ရှင်တစ်ဦးဖြစ်တဲ့ Apichart) (Photo: SME Thailand/Thai PBS)

၎င်းတို့က အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီးနောက် ၎င်းတို့ရဲ့ပြစ်ဒဏ်ကို ထက်ဝက်လျှော့ချပြီး ၇၂၃ နှစ်အဖြစ် သတ်မှတ်ခဲ့ကြောင်း BBC သတင်းက ပြောပါတယ်။ သို့သော် ထိုင်းဥပဒေအရ အများပြည်သူကို လိမ်လည်မှုအတွက် ပြစ်ဒဏ်ကို အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ အဖြစ် သတ်မှတ်ထားခြင်းဖြစ်ရာ ၎င်းတို့နှစ်ဦးဟာ အများဆုံး နှစ် ၂၀ အထိသာ ထောင်ကျခံရမှာ ဖြစ်ပါတယ်။

ထောင်ဒဏ်အပြင် Laemgate ပင်လယ်စာစားသောက်ဆိုင် ပိုင်ရှင်နှစ်ဦးကို ထိုင်းဘတ်ငွေ ၁.၈ သန်းစီ ငွေဒဏ်လည်း ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ ၂၀၁၇ ခုနှစ်ကလည်း အသက် ၃၄ နှစ်အရွယ် Pudit Kittithradilok အမည်ရှိ လိမ်လည်သူတစ်ဦးကို ထောင်ဒဏ် နှစ်ပေါင်း ၁၃,၀၀၀ ကျော် ချမှတ်ခဲ့ဖူးကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က