အမျိုသမီးနှစ်ဦးကို ဓားနဲ့ ထိုးခဲ့တဲ့ အကြမ်းဖက်သမားကို အမျိုးသားလေးဦးက ဖမ်းဆီးပေးခဲ့တာပါ။

အမျိုသမီးနှစ်ဦးကို ဓားနဲ့ ထိုးခဲ့တဲ့ အကြမ်းဖက်သမားတစ်ဦးကို ရဲရဲဝံ့ဝံ့ ဖမ်းဆီးပေးခဲ့တဲ့ အမျိုးသား လေးဦးဟာ "မဟာသူရဲကောင်းတွေပါပဲ" လို့ ရဲမင်းကြီး Mick Fuller က ပြောခဲ့ပါတယ်။

Photo - ABC News



သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ဓားကိုင်အကြမ်းဖက်သူကို ဝိုင်းဝန်းဖမ်းဆီးပေးတဲ့ အမျိုးသားတစ်စုကို သူရဲကောင်းများအဖြစ် ဝန်ကြီးချုပ်နဲ့ ရဲတပ်ဖွဲ့က ချီးကျူးခဲ့ကြပါတယ်။

ထွက်ပြေးသွားတဲ့ အကြမ်းဖက်သမားနောက်ကို အမျိုးသား လေးဦးက ထိုင်ခုံများ၊ သေတ္တာငယ်များ စတဲ့ ရရာပစ္စည်းတွေကို ယူပြီး လိုက်လံဖမ်းဆီးခဲ့တာပါ။

 Paul O'Shaughnessy, Luke O'Shaughnessy, Lee Cuthbert နဲ့ Alex Roberts တို့ဟာ သူတို့အလုပ်လုပ်တဲ့ ယောက်ခ်လမ်း လူသစ်စုဆောင်းရေးရုံးအောက်မှာ ရုတ်ရုတ်သဲသဲဖြစ်နေတာကို မြင်ခဲ့ကြတဲ့အတွက် ဝင်ရောက်ကူညီဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Photo - ABC News

"သူက ဓားကိုင်ထားတာလေ။ စိတ်က အလိုအလျောက် လှုံ့ဆော်မှုလား ဘာလားတော့ မသိဘူး။ ကျွန်တော်တို့တွေက ကြိုးစားပြီး ဒီလူ့ကို တားရမယ်ဆိုတဲ့ စိတ် ဖြစ်သွားတယ်" လို့ Paul O'Shaughnessy က ဆိုပါတယ်။

ထိုင်းလက်ဝှေ့ချန်ပီယံတစ်ယောက်ဖြစ်တဲ့ Luke O'Shaughnessy ကမှ သူရဲကောင်းအစစ်ပါလို့လည်း Paul က ပြောပါတယ်။

Photo - ABC News

ဓားကိုင်အကြမ်းဖက်သမားကြောင့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အသက် ၄၁ နှစ်အရွယ် အမျိုးသမီး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဓားကိုင်သောင်းကြမ်းသူကို ဖမ်းဆီးရာမှာ ထိုင်ခုံအသုံပြုပြီး ဖမ်းဆီးခဲ့သူရဲ့ ရဲဝံ့မှုဟာ လူမှုကွန်ရက်မှာ လည်း ပျံ့နှံ့လျှက်ရှိပါတယ်။ ဓားကိုင် အကြမ်းဖက်သူကို လက်ရှိမှာ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်မှု ရှိ၊ မရှိ စစ်ဆေးလျှက်ရှိပါတယ်။ အကြမ်းဖက်သမားဟာ သူ့ကို ပစ်သတ်လိုက်ဖို့ ဆက်တိုက်အော်ဟစ်နေခဲ့တယ်လို့လည်း သိရပါတယ်။

သူဟာ ဦးနှောက်ကျန်းမာရေး ချွတ်ယွင်းသူဖြစ်တဲ့ ဆေးမှတ်တမ်းရှိတယ်လို့လည်း သတင်းအချို့က ဖော်ပြ ကြပါတယ်။

Share

Loading Next Article...
က္က