အောက်တိုဘာလကတည်းက ဖြစ်ပွားနေခဲ့တဲ့ တောမီးလောင်မှုများကြောင့် လူခြောက်ဦး သေဆုံးခဲ့ပါတယ်။

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ ဆင်ခြေဖုံးနေရာတွေမှာ တောမီးများ အပြင်းထန်ဆုံး လောင်ကျွမ်းနေမှု အပါအဝင် New South Wales ပြည်နယ်တစ်အတွင်း တောမီးလောင်မှု ၁၀၀ ခန့် ဖြစ်ပွားနေကြောင်း သိရပါတယ်။

(Photo: AAP Image)

မီးသတ်သမား ၂,၀၀၀ ကျော်က ကြီးမားတဲ့ တောမီးလောင်မှုကို ငြှိမ်းသတ်နိုင်ရန် ကြိုးပမ်းနေကြပါတယ်။ တောမီးလောင်မှုတွေဟာ ယမန်နေ့ (ဒီဇင်ဘာ ၅ ရက်) ညနေပိုင်းမှာ ပိုမိုအားကောင်းလာခဲ့တယ်လို့ ဆိုပါတယ်။ ဆစ်ဒနီမြို့တောင်ဘက် အစွန်အဖျားမှာ တောမီးလောင်မှု မှတ်တမ်းဗီဒီယိုတစ်ခုအရ မီးလောင်မှုဟာ လျင်မြန်စွာကူးစက်ပျံ့နှံ့လာခဲ့ပြီး မီးသတ်သမားများ ထွက်ပြေးခဲ့ကြရတာလည်း တွေ့ရပါတယ်။



ဩစတြေးလျရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဆစ်ဒနီမြို့မှာ မီးခိုးများ ထူထပ်စွာဖုံးလွှမ်းနေခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံတစ်ဝှမ်း အောက်တိုဘာလကတည်းက ဖြစ်ပွားနေခဲ့တဲ့ တောမီးလောင်မှုများကြောင့် လူခြောက်ဦး သေဆုံးပြီး နေအိမ် ၆၀၀ ကျော် ပျက်စီးခဲ့ကြောင်း သိရပါတယ်။

(Photo: Getty Images)

New South Wales (NSW) ပြည်နယ်မှာ တောမီးကြောင့် မြေဧက လေးသန်းနီးပါး လောင်ကျွမ်းခဲ့ပြီး ဖြစ်ပါတယ်။ Queesland, Victoria, South Australia, Western Australia နဲ့ Tasmania ပြည်နယ်တွေမှာလည်း တောမီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် ဆစ်ဒနီမြို့မှာ နေစဥ်ရက်ဆက် လေထုညစ်ညမ်းမှုဟာ အန္တရာယ်ရှိတဲ့အဆင့်ကို ကျော်လွန်ခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Instagram)

ပြီးခဲ့တဲ့ သီတင်းပတ်များအတွင်း မီးခိုးငွေ့ကြောင့် ဆေးရုံတက်ရောက်ရသူ အရေအတွက် အနည်းဆုံး ၁၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဆစ်ဒနီမြို့မှာ ယခုဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှု စံချိန်တင် အဆိုးရွားဆုံးနဲ့ ကာလအရှည်ကြာဆုံး ဖြစ်တယ်လို့လည်း သိရပါတယ်။ ဩစတြေးလမှာ တောမီးလောင်မှုတွေ နှစ်စဥ် ဖြစ်ပွားလေ့ရှိပြီး ရာသီဥတုပြောင်းလဲမှုကြောင့် မီးလောင်မှုဟာ ပိုမိုပြင်းထန်လာကြောင်း သိပ္ပံပညာရှင်တွေက သုံးသပ်ထားပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က