လေထုညစ်ညမ်းမှုအခြေအနေဟာ သတ်မှတ်အဆင့်ထက် ရှစ်ဆအထိ ပိုမြင့်နေခဲ့ပါတယ်။
Ko John

တောမီးများ ဆိုးရွားစွာလောင်ကျွမ်းနေတဲ့ ဩစတြေးလျနိုင်ငံ New South Wales ပြည်နယ်ရဲ့မြို့တော် ဆစ်ဒနီမြို့မှာ မီးခိုးများဖုံးလွှမ်းနေပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်နေပါတယ်။

(Photo: Rick Rycroft/AP)

နိုဝင်ဘာ ၁၈ ရက် ညလုံးပေါက် လေပြင်းများတိုက်ခတ်ခဲ့မှုကြောင့် တောမီးလောင်နေတဲ့ နေရာများမှာ မီးခိုးငွေ့တွေဟာ ဆစ်ဒနီမြို့ကို ပျံ့လွင့်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ကောင်းကင်မှာ မီးခိုးငွေ့တွေ ဖုံးလွှမ်းနေမှုနဲ့ ၎င်းတို့နေအိမ်များမှာ မီးခိုးအနံ့ဆိုးများ ရနေခဲ့ကြောင်း ဆစ်ဒနီမြိုခံတွေက ဆိုရှယ်မီဒီယာမှာ ပြောထားကြပါတယ်။

တောမီးလောင်မှုတွေ ရက်သတ္တပတ်ကြာ ဖြစ်ပွားနေတဲ့ New South Wales ပြည်နယ်ရဲ့ မြို့တော် ဆစ်ဒနီမြို့ဟာ လူဦးရေငါးသန်း နေထိုင်ကြတဲ့ ဩစတြေးလျရဲ့ အကြီးဆုံးမြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ဆစ်ဒနီမြို့ရဲ့ အနောက်ဘက်မှာ အပူချိန် ၃၇ ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်နေတာကြောင့် မီးလောင်မှုပြင်းထန်နိုင်ကြောင်း မြိုခံတွေကို ယနေ့ (နိုဝင်ဘာ ၁၉ ရက်) သတိပေးခဲ့ပါတယ်။

(Photo: @drkerrynphelps/Twitter)

မီးခိုးငွေ့များ ဖုံးလွှမ်းနေတဲ့ ဆစ်ဒနီမြို့ရဲ့ နေရာတွေမှာ လေထုညစ်ညမ်းမှုအခြေအနေဟာ သတ်မှတ်အဆင့်ထက် ရှစ်ဆအထိ ပိုမြင့်နေခဲ့တယ်လို့ ဆိုပါတယ်။ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက မြို့ခံတွေက နေအိမ်အတွင်းမှာ နေထိုင်ကြရန်နဲ့ ကိုယ်လက်လှုပ်ရှားမှု မလုပ်ကြရန် အကြံပြုထားပါတယ်။

ထို့အတူ ပန်းနာရင်ကြပ်ရောဂါ ခံစားရသူတွေနဲ့ အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာကြုံရသူတွေကို ရှေးဦးသူနာပြုနည်းဖြင့် မည်သို့ကူညီရန် လမ်းညွှန်ချက်တွေကိုလည်း ကျန်းမာရေးဌာနက မျှဝေခဲ့ကြောင်း သိရပါတယ်။ ဆစ်ဒနီမြို့မှာ နောက်ထပ် ရက်အနည်းငယ်ကြာအထိ မီးခိုးငွေ့များ ရှိနေနိုင်ကြောင်း New South Wales ပြည်နယ် ကျေးလက်မီးသတ်ဌာနက သတိပေးထားပါတယ်။

(Photo: Rhett Wyman)

ဩစတြေးလျမှာ အပြင်းအထန် လောင်ကျွမ်းခဲ့တဲ့ တောမီးဟာ အမျိုးသားတစ်ဦးက ၎င်းရဲ့ဆေးခြောက်စိုက်ခင်းကို ကာကွယ်ရန် တမင်ရည်ရွယ် မီးရှို့ခဲ့ရာမှ စတင်ခဲ့ကြောင်း စွပ်စွဲထားပြီး နိုဝင်ဘာ ၁၆ ရက်နေ့က တရားရုံးမှာ စွဲချက်တင်ခဲ့တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ အသက် ၅၁ နှစ်အရွယ် အမျိုးသားဟာ တောမီးလောင်မှုတွေ အပြင်းထန်ဆုံးဖြစ်ပွားခဲ့တဲ့ New South Wales ပြည်နယ် Ebor ကျေးရွာမှာ ၎င်းရဲ့ ဆေးခြောက်စိုက်ခင်းကို ကာကွယ်ရန်အတွက် မီးရှို့ခဲ့ကြောင်း သိရပါတယ်။

New South Wales နဲ့ အိမ်နီးချင်း Queesland ပြည်နယ်တွေမှာ အပြင်းအထန် လောင်ကျွမ်းခဲ့တဲ့ တောမီးလောင်မှုအချို့ဟာ တမင်ရည်ရွယ် မီးရှို့သူတွေကြောင့်ဖြစ်ကြောင်း ဩစတြေးလျ အာဏာပိုင်တွေက ကောက်ချက်ချထားပါတယ်။ တောမီးဟာ မြေဧက ၂.၅ သန်းကျော်မှာ ကူးစက်လောင်ကျွမ်းခဲ့တာလည်း ဖြစ်ပါတယ်။

New South Wales ပြည်နယ် မြောက်ပိုင်းမှာ အောက်တိုဘာလကတည်းက လောင်ကျွမ်းနေခဲ့တဲ့ တောမီးကြောင့် လူခြောက်ဦး သေဆုံးခဲ့ပြီး နေအိမ် ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း နိုဝင်ဘာ ၁၆ ရက် သတင်းတွေက ဖော်ပြထားပါတယ်။ ဩစတြေးလမှာ တောမီးလောင်မှုတွေ နှစ်စဥ် ဖြစ်ပွားလေ့ရှိပြီး ရာသီဥတုပြောင်းလဲမှုကြောင့် မီးလောင်မှုဟာ ပိုမိုပြင်းထန်လာကြောင်း သိပ္ပံပညာရှင်တွေက သုံးသပ်ထားပါတယ်။

Source: CNN, SMH, BBC



ဆက်စပ်အကြောင်းအရာများ


က္က