အပူချိန်များ ၄၀ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ပြီးနောက် တောမီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
Ko John

သြစတြေးလျနိုင်ငံ New South Wales ပြည်နယ်မှာ တောမီးလောင်မှုအတွင်း နေအိမ်အလုံး ၃၀ အထိ ပျက်စီးဆုံးရှုံးခဲ့ သို့မဟုတ် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

(Photo: Scott Davis/AAP)

New South Wales နဲ့ အိမ်နီးချင်းပြည်နယ် Queensland တို့ရှိ နေရာအချို့မှာ ယမန်နေ့ (အောက်တိုဘာ ၈ ရက်) က အပူချိန်များ ၄၀ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ပြီး တောမီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အာဏာပိုင်တွေရဲ့ ပြောကြားမှုအရ တမင်ရည်ရွယ်ရှို့ခဲ့တဲ့ မီးလောင်မှုတစ်ခုအတွင်း အမျိုးသားတစ်ဦး မီးလောင်ဒဏ်ရာ ပြင်းထန်စွာရခဲ့တယ်လို့ ဆိုပါတယ်။

နွေဦးရာသီအစဖြစ်တဲ့ စက်တင်ဘာလကတည်းက သြစတြေးလျအရှေ့ပိုင်းရှိ မိုးခေါင်ခြောက်သွေ့တဲ့ နေရာဒေသတွေမှာ တောမီးလောင်မှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။ နေရာအချို့မှာ ယခုနှစ်တောမီးလောင်မှုဟာ တောမီးရာသီအစ အဆိုးဆုံး မီးလောင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

(Photo: EPA)

လတ်တလော တောမီးလောင်မှုတွေဟာ မြေဧက ၂၄၇,၀၀၀ ကျော်မှာ သက်ရောက်မှုရှိခဲ့ပြီး အချို့နေရာတွေမှာ တောမီးဟာ ရက်သတ္တပတ် ငါးပတ်ကျော်ကြာ လောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။ ယမန်နေ့က တောမီးလောင်မှုကြောင့် အစွန်အဖျားဒေသရှိ Rappville မြို့ငယ်နဲ့ ပတ်ဝန်းကျင်နေရာများရှိ နေအိမ် ဒါဇင်နဲ့ချီ ပျက်စီးခဲ့ပါတယ်။

မီးလောင်မှုဟာ တမင်ရည်ရွယ်ရှို့ခဲ့ဖွယ်ရှိကြောင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။ သြစတြေးလျမှာ ဆောင်းရာသီအပူချိန်များ စံချိန်တင်မြင့်တက်ခဲ့ကာ မိုးရွာသွန်းမှုနည်းပါးခဲ့ပြီးနောက် တောမီးလောင်မှုတွေ ဖြစ်ပွားလာခဲ့ပါတယ်။

ယခုနှစ် သြစတြေးလျရဲ့ နွေရာသီဟာ အပူဆုံးအဖြစ်လည်း စံချိန်တင်ခဲ့တာဖြစ်ပါတယ်။ သြစတြေးလျ အရှေ့တောင်ပိုင်း နေရာအများအပြားမှာ မိုးခေါင်ခြောက်သွေ့မှု ကာလရှည်ကြာ ဖြစ်ပေါ်နေခဲ့ပြီး ရာဦဥတုပြောင်းလဲမှုကြောင့် အခြေအနေကို ပိုမိုဆိုးဝါးစေခဲ့ကြောင်း မိုးလေဝသဆိုင်ရာ သိပ္ပံပညာရှင်တွေက သုံးသပ်ပြောကြားပါတယ်။

Source: ABC News, BBC


ဆက်စပ်အကြောင်းအရာများ


က္က