လူအုပ်အတွင်း တမင်ရည်ရွယ်ဝင်တိုက်ရန် မောင်းနှင်လာတဲ့ ယာဉ်မောင်းကို ရဲအရာရှိက အသေပစ်သတ်နိုင်ပါတယ်။
Ko John

သြစတြေးလျမှာ လမ်းသွားလမ်းလာ လူအုပ်အတွင်း တမင်ရည်ရွယ်ဝင်တိုက်ရန် မောင်းနှင်လာတဲ့ ယာဉ်မောင်းများအား အသေပစ်သတ်ရန် ရဲတပ်ဖွဲ့ကို ယမန်နေ့ (အောက်တိုဘာ ၂၈ ရက်) က လုပ်ပိုင်ခွင့်အာဏာ ပေးအပ်လိုက်ကြောင်း သိရပါတယ်။

(သြစတြေးလျရဲတပ်ဖွဲ့ဝင်များ) (Photo: Reuters)

၂၀၁၇ ခုနှစ်မှစပြီး ဗစ်တိုးရီးယားပြည်နယ် မြို့တော်နဲ့ သြစတြေးလျနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မဲလ်ဘုန်းမြို့မှာ ထိုသို့ လမ်းသွားလမ်းလာ လူအုပ်အတွင်း ကားဖြင့် တမင်ဝင်တိုက်မှုကြောင့် လူရှစ်ဦး သေဆုံးခဲ့ပြီး ၄၅ ဦးကျော် ဒဏ်ရာရခဲ့ပါတယ်။

ရဲအရာရှိတွေအနေနဲ့ ကားဖြင့် တမင်ဝင်တိုက်မှုတွေကို တုံ့ပြန်ဆောင်ရွက်ရာမှာ ထိုကားကို ပစ်ခတ်ဖျက်ဆီးပစ်ရန် သို့မဟုတ် ကားမောင်းသူကိုပစ်ခတ်ရန် ဆုံးဖြတ်ပိုင်ခွင့်လိုအပ်ကြောင်း ဗစ်တိုးရီးယားပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။ ရဲအရာရှိတွေဟာ ကားဖြင့်ဝင်တိုက်မှု သို့မဟုတ် ထိုသို့ဝင်တိုက်နိုင်တဲ့ ခြိမ်းခြောက်မှုကိုပင် ဟန့်တားရန်အတွက် လုပ်ပိုင်ခွင့်အာဏာရှိတယ်လို့ လက်ထောက်ရဲမင်းကြီး ရှိန်းပတ်တန်က ဆိုပါတယ်။

(မဲလ်ဘုန်းမှာ လူအုပ်စုကို ကားဖြင့်တမင်ဝင်တိုက်ခဲ့မှု) (Photo: Justin George/Facebook)

"ဒီလိုတိုက်ခိုက်မှုတွေကို တုံ့ပြန်ဆောင်ရွက်ရာမှာ လက်ရှိနည်းလမ်းတွေမှာလည်း ပစ်ခတ်ဟန့်တားနိုင်ပါတယ်၊ ဒါပေမဲ့ အခု နောက်ထပ် မူဝါဒအရ ရဲအရာရှိတွေက ဒီလိုတိုက်ခိုက်မှုတွေကို ဟန့်တားရာမှာ ယာဉ်မောင်းကို အသေပစ်သတ်ခွင့်ရှိပါတယ်" လို့ လက်ထောက်ရဲမင်းကြီးက မဲလ်ဘုန်းမြို့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ "ကားတစ်စီးက လူအုပ်ကိုဝင်တိုက်တဲ့အထိ ကျွန်တော်တို့ စောင့်မနေချင်ပါဘူး၊ အဲဒီလိုမဖြစ်ခင် ကျွန်တော်တို့က ဟန့်တားရပ်တန့်ချင်တာပါ" ၎င်းက ဖြည့်စွက်ပြောပါတယ်။

(မဲလ်ဘုန်းမြို့မြင်ကွင်းတစ်ခု) (Photo: Britannica)

၂၀၁၇ ခုနှစ် ဇန်နဝါရီလက မဲလ်ဘုန်းမြို့လယ်မှာ ဈေးဝယ်သူလူအုပ်အတွင်း ကားတစ်စီးဖြင့် ဝင်တိုက်ခဲ့မှုကြောင့် လူခြောက်ဦး သေဆုံးခဲ့ပြီး ၂၇ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုမတိုင်မီ ရဲတပ်ဖွဲ့ရဲ့ ယခုကြေညာချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုက ရဲတပ်ဖွဲ့အနေနဲ့ အဆိုပါ ကားဖြင့်ဝင်တိုက်တဲ့ ဖြစ်ရပ်မှ ရမ်းကားမောင်းနှင်လာတဲ့ အမျိုးသားကို မြို့လယ်သို့ရောက်ရှိမလာရန် တားဆီးခဲ့သင့်သလားဆိုတဲ့အချက်အပေါ် ဆန်းစစ်သွားမယ်လို့ ဆိုပါတယ်။

(မဲလ်ဘုန်းမှာ လူအုပ်စုကို ကားဖြင့်တမင်ဝင်တိုက်ခဲ့သူ) (Photo: News Corp Australia)

မဲလ်ဘုန်းမြို့လယ်မှာ လူအုပ်စုကို ကားဖြင့်တမင်ဝင်တိုက်ခဲ့တဲ့ ဂျိမ်းစ်ဂါဂက်ဆူလက်စ်ကို လူသတ်မှုများအတွက် ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ထိုဖြစ်ရပ်ဟာ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်နွယ်ခြင်းမရှိကြောင်း ရဲတပ်ဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။ ယခု ထုတ်ပြန်ကြေညာလိုက်တဲ့ မူဝါဒအသစ်အရ တုံ့ပြန်ဆောင်ရွက်မှုကို ချက်ချင်းစတင်မှာဖြစ်ပြီး သြစတြေးလျမှာ ထိုသို့ မူဝါဒချမှတ်မှုဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း AFP သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က