အလေးချိန် ၆၁၃ ပေါင်ရှိပါတယ်

ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့ ငါးဈေးသစ်ကြီးမှာ ပြုလုပ်ခဲ့တဲ့ ယခုနှစ်အတွက် ပထမဆုံး လေလံပွဲအတွင်း ဆူရှီစားသောက်ဆိုင်လုပ်ငန်းစု ပိုင်ရှင်တစ်ဦးက ဆူးတောင်ပြာ တူနာငါးကြီးတစ်ကောင်ကို စံချိန်တင် အမြင့်ဆုံးဈေးနှုန်းဖြင့် ဝယ်ယူသွားခဲ့ပါတယ်။

(Photo: Reuters)

ဆူရှီစားသောက်ဆိုင်ပိုင်ရှင် ကီယိုရှီကီမူရာက ဆူးတောင်ပြာ တူနာငါးကြီးကို ဂျပန်ယန်းငွေ ၃၃၃.၆ သန်း (အမေရိကန်ဒေါ်လာ ၃. ၁ သန်း) ဖြင့် လေလံဆွဲဝယ်ယူသွားခဲ့ပြီး ထိုဈေးနှုန်းဟာ ၂၀၁၃ ခုနှစ်မှာ ၎င်းကိုယ်တိုင် အမြင့်ဆုံးအဖြစ် စံချိန်တင်ထားခဲ့တဲ့ ဈေးနှုန်းထက်ပိုများခဲ့ပါတယ်။ တူနာဘုရင်လို့ ခေါ်ဝေါ်ကြတဲ့ ကီမူရာက ၂၀၁၃ ခုနှစ်မှာလည်း တူနာငါးကြီးတစ်ကောင်ကို အမေရိကန်ဒေါ်လာ ၁.၄ သန်းဖြင့် ဝယ်ယူခဲ့ပြီး ထိုစဉ်က အမြင့်ဆုံးဈေးနှုန်းအဖြစ် စံချိန်တင်ထားခဲ့တာလည်း ဖြစ်ပါတယ်။

(Photo: Reuters)

ယခုတစ်ကြိမ် စံချိန်သစ်တင်ခဲ့ပြီး အမြင့်ဆုံးဈေးနှုန်းဖြင့် ကီမူရာ ဝယ်ယူခဲ့တဲ့ တူနာငါးကြီးဟာ အလေးချိန် ၆၁၃ ပေါင်ရှိပြီး ဂျပန်မြောက်ပိုင်း Aomori စီရင်စု ကမ်းလွန်မှာ ဖမ်းမိခဲ့ကြောင်း သိရပါတယ်။ ဂျပန်မှာ လက်ကားအရောင်းဆိုင်တွေနဲ့ ဆူရှီကုမ္ပဏီတွေက နှစ်သစ်ရဲ့အစမှာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ငါးလေလံပွဲအတွင်း အကောင်ဆုံးငါးကို မြင့်မားတဲ့ဈေးနှုန်းပေးပြီး မကြာခဏ ဝယ်ယူလေ့ရှိကြပါတယ်။

(Photo: Reuters)

"ကျွန်တော် လတ်ဆတ်ကောင်းမွန်တဲ့ တူနာငါးတစ်ကောင် ဝယ်ခဲ့ပါတယ်၊ ဈေးနှုန်းကတော့ ကျွန်တေ်ာ မူလက ထင်ထားခဲ့တာထက် ပိုများခဲ့ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ဖောက်သည်တွေ ဒီ အကောင်းဆုံး တူနာငါးကို စားကြမှာပါ" လို့ ယနေ့ (ဇန်နဝါရီ ၅ ရက်) မနက်အစောပိုင်းက ပြုလုပ်ခဲ့တဲ့ လေလံပွဲအပြီးမှာ ကီမူရာက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

(Photo: Reuters)

ဆူရှီစားသောက်ဆိုင်လုပ်ငန်းပိုင်ရှင် ကီမူရာဟာ ပြီးခဲ့တဲ့ ၈ နှစ်အတွင်း ပြုလုပ်ခဲ့တဲ့ နှစ်သစ် ငါးလေလံပွဲမှာ ၇ ကြိမ်အထိ အမြင့်ဆုံး လေလံဈေးနှုန်းပေး ဝယ်ယူခဲ့သူလည်း ဖြစ်ပါတယ်။ "ကျွန်တော် ဒီငါးကြီးကို ယန်းငွေ သန်း ၃၀ နဲ့ ၅၀ ကြား ဒါမှမဟုတ် သန်း ၆၀ အမြင့်ဆုံးပေးရမယ်လို့ မျှော်လင့်ထားခဲ့တာဗျ၊ ဒါပေမဲ့ အခု ငါးဆအထိ ပိုများတဲ့ လေလံဈေးနှုန်းဖြစ်သွားခဲ့တယ်လေ" လို့ တူနာဘုရင် ကီမူရာက ပြောခဲ့ပါတယ်။





က္က