မြေဧက ၃၀၀,၀၀၀ တောမီးလောင်ကျွမ်းသွားခဲ့တယ်လို့ မီးသတ်ဌာန တာဝန်ရှိသူက ပြောပါတယ်။

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့အနီး နယ်မြေတွေမှာ တောမီးများ လျင်မြန်စွာ ကူးစက်လောင်ကျွမ်းနေရာ လူဦးရေ ထောင်နဲ့ချီ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

(Photo: Getty Images)

ကယ်လီဖိုးနီယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom က အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့ပြီး အာဏာပိုင်တွေက ပြည်နယ်တစ်ဝန်း ရာနဲ့ချီတဲ့ တောမီးလောင်မှုတွေကို ငြှိမ်းသတ်ရန် ကြိုးပမ်းနေပါတယ်။ ဆန်ဖရန်စစ္စကိုနဲ့ ဆာကရာမင်တိုကြားရှိ လူဦးရေ ၁၀၀,၀၀၀ ခန့် နေထိုင်ကြတဲ့ Vacaville မြို့ဟာ တောမီးအန္တရာယ်အရှိဆုံးဖြစ်ကြောင်း သိရပါတယ်။



တာဝန်ရှိသူတွေက ထိုမြို့မှာ ညလုံးပေါက် တစ်အိမ်တက်ဆင်းသွားပြီး ရွှေ့ပြောင်းကြရန် သတိပေးခဲ့ကြပါတယ်။ မီးသတ်ဌာနရဲ့ အဆိုအရ Vacaville မြို့မှာ အဆောက်အအုံ ၅၀ မီးလောင်ပြာကျသွားခဲ့ပြီး နောက်ထပ် အလုံး ၅၀ မီးလောင်မှုကြောင့် အပျက်အစီးဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

(Photo: AP)

အမေရိကန် အနောက်ဘက်ကမ်းရိုးတန်းမှာ အပူလှိုင်းကျရောက်မှုနဲ့ မိုးကြိုးပစ်မှုတို့ကြောင့် တောမီးလောင်မှုတွေ စတင်ဖြစ်ပွားခဲ့တယ်လို့ ယူဆရပါတယ်။ ယခု သီတင်းပတ်အစောပိုင်းမှာလည်း ကယ်လီဖိုးနီးယားပြည်နယ်ရှိ Death Valley အမျိုးသားဥယျာဥ်အတွင်း ကမ္ဘာပေါ်မှာ အမြင့်ဆုံး အပူချိန်အဖြစ် မှတ်တမ်းတင်တွေ့ခဲ့ရပါတယ်။ ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသမှာ တောမီးလောင်မှုတွေက အင်္ဂါနေ့ည (ဩဂုတ် ၁၈ ရက်) တစ်ညလုံး လေတိုက်ခတ်မှုနဲ့အတူ တောမီးများ ပိုမိုလျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့ပါတယ်။

(Photo: AP)

မိုးကြိုးပစ်မှု အကြိမ်ရေ ၁၁,၀၀၀ ကနေ တောမီးလောင်မှု ၃၆၇ ခု ဖြစ်ပွားလာခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ်တစ်ဝန်း မြေဧက ၃၀၀,၀၀၀ ကို လောင်ကျွမ်းသွားခဲ့တယ်လို့ မီးသတ်ဌာန ပြောခွင့်ရအမျိုးသား Jerem Rahn ကို ကိုးကားပြီး CNN သတင်းက ဖော်ပြပါတယ်။ ကယ်လီဖိုးနီးယားမီးသတ်ဌာနက မီးသတ်ယာဥ် ၃၇၅ စီးဖြင့် တောမီးကို ငြှိမ်းသတ်နေကြောင်းလည်း ၎င်းကဆိုပါတယ်။ တောမီးလောင်နေတဲ့ အကျယ်အဝန်းဟာ ဝါရှင်တန်ဒီစီထက် ပိုမိုကြီးမားပြီး လက်ရှိအချိန်အထိ လူလေးဦး ဒဏ်ရာရခဲ့ကြောင်းနဲ့ Vacaville မြို့ရှိ အဆောက်အအုံ ၂,၀၀၀ ခန့်ဟာ တောမီးအန္တရာယ်ရှိနေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ 

.

Share

Loading Next Article...
က္က