ခိုးယူ၊ လုယူရမယ့်ပစ္စည်းလည်း ရှာဖွေမတွေ့နိုင် ဖြစ်နေပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ စီးပွားရေးပြိုလဲမှုကို သာမန်ပြည်သူတွေ တွေ့ကြုံနေကြရသလို ရာဇဝတ်သားတွေလည်း အခက်တွေ့နေကြရတယ်လို့ ဆိုပါတယ်။

(ကာရာကက်စ်မြို့မြင်ကွင်းတစ်ခု) (Photo: Michael Robinson Chavez/The Washington Post)

စီးပွားရေးကျပ်တည်းလွန်းနေတဲ့ ဗင်နီဇွဲလားမှာ ရာဇဝတ်မှုကျူးလွန်သူတွေဟာ သေနတ်ကျည်ဆန် ဝယ်ယူနိုင်ရေး ရုန်းကန်နေရပြီး ခိုးယူ၊ လုယူရမယ့်ပစ္စည်း ရှာဖွေမတွေ့နိုင် ဖြစ်နေကြပါတယ်။ AP သတင်းဌာနက ဗင်နီဇွဲလားမြို့တော် ကာရာကက်စ်မြို့ ဆင်ခြေဖုံးအရပ်ရှိ နာမည်ဆိုးဖြင့်ကျော်ကြားတဲ့ Petare ပျံကျရပ်ကွက်မှာ လူဆိုးဂိုဏ်းဝင်နှစ်ဦးနဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။



အဆိုပါ လူဆိုးဂိုဏ်းဝင်နှစ်ဦးရဲ့ ဖွင့်ဟပြောမှုအရ ၎င်းတို့ဟာ ငွေရပေါက်ရလမ်းအတွက် ရုန်းကန်နေကြရတယ်လို့ သိရပါတယ်။ သေနတ်ကျည်ဆန်တွေကို မှောင်ခိုဈေးကွက်မှာ ရနိုင်ပေမဲ့လည်း ရာဇဝတ်သားတွေအနေနဲ့ ကျည်ဆန်ဖိုး အမေရိကန်ဒေါ်လာ တစ်ဒေါ်လာမျှပင် ပေးစရာမရှိ ဖြစ်နေကြတယ်လို့ 'Dog' လို့ ခေါ်ဝေါ်ကြတဲ့ ရာဇဝတ်သားတစ်ဦးက AP ကို ဖွင့်ဟခဲ့ပါတယ်။

(AP သတင်းဌာနက တွေ့ဆုံခဲ့သည့် ဂိုဏ်းစတားနှစ်ဦး) (Photo: Rodrigo Adb/AP)

စီးပွားရေးချွတ်ခြုံကျနေတဲ့ ဗင်နီဇွဲလားမှာ လူတစ်ဦးရဲ့ ပျမ်းမျှ တစ်လဝင်ငွေကလည်း ၆.၅ ဒေါ်လာ (မြန်မာငွေ ၁၀,၀၀၀ နီးပါး) မျှသာရှိတယ်လို့ ဆိုပါတယ်။ Crazy Boys အမည်ရှိ ဂိုဏ်းတစ်ခုကို ဦးဆောင်သူ နောက်ထပ် လူဆိုးဂိုဏ်းဝင် El Negrito ကလည်း ၎င်းရဲ့ ဇနီးနဲ့သမီးကို ခိုးဆိုးလုယက်ပြီး ထောက်ပံ့ရန် ပိုမိုခက်ခဲလာကြောင်း ပြောခဲ့ပါတယ်။ လက်ရှိမှာ ကျည်ဆန်တစ်တောင့် ပစ်လိုက်ခြင်းက တန်ဖိုးကြီး ဇိမ်ခံပစ္စည်းတစ်ခုပမာ ဖြစ်နေတယ်လို့လည်း ၎င်းက ဖွင့်ဟခဲ့ပါတယ်။

"သေနတ်ထဲက ကျည်ဆန်အကုန်သုံးလိုက်ရင် ခင်ဗျား ၁၅ ဒေါ်လာ ပစ်လိုက်သလိုပါပဲ၊ ပစ္စတိုသေနတ် ဆုံးရှုံးလိုက်ရပြီ ဒါမဟုတ် ရဲက ယူသွားပြီဆိုရင်တော့ ခင်ဗျား ဒေါ်လာ ၈၀၀ လွှင့်ပစ်လိုက်တာပဲဗျ" လို့ El Negrito က AP ကို ပြောခဲ့ပါတယ်။ ဗင်နီဇွဲလားမှာ စီးပွားရေးကျပ်တည်းမှု စတင်ကြုံတွေ့လာရပြီးနောက်ပိုင်း အကြမ်းဖက်မှုကြောင့် လူသေဆုံးမှုတွေ ကျဆင်းခဲ့တယ်လို့ဆိုပါတယ်။

(ဗင်နီဇွဲလား လူဆိုးဂိုဏ်းဝင်များ)(Photo: Roland Hoskins)

၂၀၁၅ ခုနှစ်မှာ လူသတ်မှုနှုန်းက လူဦးရေ ၁၀၀,၀၀၀ မှာ ၉၀ အသတ်ခံခဲ့ရပေမဲ့ ယမန်နှစ်အတွင်းမှာတော့ ၁၀ ရာခိုင်နှုန်းနီးပါး လျော့နည်းသွားခဲ့ကြောင်း Venezuelan Observatory for Violence ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။ သို့သော် ဗင်နီဇွဲလားဟာ အကြမ်းဖက်မှုအရှိဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နေဆဲလို့ဆိုပါတယ်။

လတ်တလောမှာ စီးပွားရေကျပ်တည်းနေတာကြောင့် ရာဇဝတ်သားတွေအနေနဲ့ ခိုးယူစရာ၊ လုယက်စရာမရှိ ဖြစ်နေခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်း လျော့နည်သွားခဲ့ကြောင်း စောင့်ကြည့်အဖွဲ့အစည်းက ပြောပါတယ်။ ဗင်နီဇွဲလား ပြည်သူအများအပြားဟာ အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ အစားအစာ၊ ဆေးဝါး၊ အဝတ်အထည် စသဖြင့်တို့ ဝယ်ယူရန်အတွက်ပင် ရုန်းကန်နေကြရပါတယ်။

(ကာရာကက်စ်ရှိ စူပါမတ်ကက်တစ်ခု အပြင်ဘက်မှာ ဈေးဝယ်ရန်စောင့်ဆိုင်းနေသူများ) (Photo: Marco Bello/Reuters)

ထိုအခြေအနေအရ ရာဇဝတ်သားတွေအတွက် လူတွေထံမှ ခိုးယူရန် သို့မဟုတ် အကြမ်းဖက်လုယက်ရန် ကားများ၊ တန်ဖိုးကြီးပစ္စည်းများ ရှားပါးလာမှုနဲ့ ကြုံလာရပါတယ်။ "ဒီရက်တွေမှာ ဘယ်သူမှ အလုပ်ကောင်းကောင်း မလုပ်နိုင်ပါဘူးဗျာ၊ ချမ်းသာကြွယ်သူတွေရော သူတို့ဆီက ခိုးယူလုယူမယ့် ရာဇဝတ်ကောင်တွေရော ဘယ်သူမှ အခြေအနေ မကောင်းဘူး" လို့ Venezuelan Observatory for Violence မှ အကြီးအကဲ Robert Briceño က စီးပွားရေးကပ်ဆိုက်မှုက လူ့အဖွဲ့အစည်းတစ်ခုလုံးအပေါ် သက်ရောက်မှုကို ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က