ဂက်စ်အိုးများ ပေါက်ကွဲမီးလောင်ခဲ့ပါတယ်။

စင်ကာပူနိုင်ငံ Jurong စက်မှုဇုန်နေရာမှာ ယနေ့ (ဇွန် ၂၁ ရက်) မီးလောင်မှု အကြီးအကျယ်ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး အခြားနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း Singapore Civil Defence Force (SCDF) က ပြောပါတယ်။

(Photo: SCDF)

SCDF ရဲ့ ထုတ်ပြန်မှုအရ ယနေ့ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်က အမှတ် ၄၃ Jalan Buroh လမ်းမှာ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ မီးလောင်မှုဟာ အလွန်ကြီးမားကြောင်းနဲ့ ည ၇ နာရီခွဲခန့်မှာ မီးထိန်းနိုင်ခဲ့ကြောင်း SCDF က ဆိုပါတယ်။



မီးလောင်မှုဟာ ဘောလုံးကွင်းနှစ်ကွင်းစာမျှ ကျယ်ပြန့်ကြီးမားခဲ့ပြီး LPG ဂက်စ်စက်ရုံတစ်ရုံ လောင်ကျွမ်းသွားခဲ့ကြောင်းနဲ့ ရာနဲ့ချီ အရေအတွက်ရှိတဲ့ ဂက်စ်အိုးများ ပေါက်ကွဲမီးလောင်ခဲ့ကြောင်း သိရပါတယ်။ မီးလောင်မှုဟာ လျင်မြန်စွာ ကူးစက်ခဲ့ရာ SCDF က ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် လုပ်ဆောင်ခဲ့ရပါတယ်။

(Photo: SCDF)

"မီးသတ်သမားတွေက LPG ဂက်စ်အိုးတွေ ပေါက်ကွဲနေတဲ့ကြား အလွန်ပြင်းတဲ့ အပူရှိန်ကို ရင်ဆိုင်ကြပြီး အနီးအနားရှိ ပိုမိုကြီးမားတဲ့ LPG ဂက်စ်သိုလှောင်ကန်ကို မီးမကူးအောင် ကာကွယ်ခဲ့ကြတယ်" လို့ SCDF က Facebook မှာ ရေးသားထားပါတယ်။ မီးလောင်မှုဖြစ်ပွားရာနေရာမှာ အလောင်းတစ်လောင်းကို SCDF ဆေးဘက်ဝန်ထမ်းက တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

မီးလောင်မှုအတွင်း အလုပ်သမားနှစ်ဦး မီးလောင်ဒဏ်ရာများရခဲ့ပြီး ၎င်းတို့ကို စင်ကာပူ အထွေထွေရောဂါကု ဆေးရုံသို့ပို့ခဲ့ကြောင်း သိရပါတယ်။ မီးလောင်မှုဖြစ်ပွားရာ နေရာမှာ အရေးပေါ်ကား ၃၅ စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၂၀ ကို စေလွှတ်ချထားခဲ့တယ်လို့ ဆိုပါတယ်။ CNA သတင်းဌာနကို ပေးပို့လာတဲ့ ဗီဒီယိုတွေအရ မီးလောင်မှုဖြစ်ပွားတဲ့နေရာမှ မီးတောက်တွေနဲ့ မီးခိုးများထူထပ်စွာ ထွက်ရှိနေတာ တွေ့ခဲ့ရပါတယ်။

(Photo: CNA)

မီးလောင်မှုဖြစ်ပွားရာ နေရာအနီးတဝိုက်ရှိ ဒေသခံတွေရဲ့ ပြောကြားမှုအရ ပေါက်ကွဲသံတွေလည်း ကြားခဲ့ရကြောင်း သိရပါတယ်။ မီးလောင်မှုဖြစ်ပွားရာနေရာနဲ့ မျက်နှာချင်းဆိုင်ဘက်အခြမ်းရှိ အဆောက်အအုံမှာ ခင်ပွန်းဖြစ်သူကို လာရောက်ခေါ်ဆောင်ခဲ့သူ CNA စာဖတ်ပရိသတ် Carol Lee ရဲ့ အဆိုအရ မီးအပူရှိန်ကို သူမ ရှိနေခဲ့တဲ့ မီတာ ၂၀၀ ခန့်အကွာမှပင် ခံစားသိရှိနိုင်တယ်လို့ သိရပါတယ်။

(Photo: SCDF)

"ပေါက်ကွဲသံ အကြိမ်အတော်များများ ကြားလိုက်ရပြီးတော့ မီးလောင်တာကို ကျွန်မ မြင်ခဲ့ရတယ်၊ ပေါက်ကွဲသံ ဘယ်နှစ်ကြိမ်လဲလို့တောင် ကျွန်မ မရေတွက်နိုင်ခဲ့ပါဘူး၊ အရမ်းကြောက်စရာကောင်းတယ်၊ မီးခိုးနံ့ကလည်း ဓာတုဗေဒပစ္စည်းအနံတွေလိုမျိုးပဲ၊ ပုံမှန်မီးခိုးမဟုတ်ဘူး" လို့ Carol Lee က ပြောပါတယ်။ လက်ရှိမှာ မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း SCDF ပြောထားပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က