ဖိနပ် ၁၂၂ ရံနဲ့အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါတယ်။

စင်ကာပူမှာ ဖိနပ်အရံပေါင်း ရာနဲ့ချီ ခိုးယူခဲ့တဲ့ အသက် ၄၁ နှစ်အရွယ် ဖိလစ်ပိုင်အမျိုးသားကို ထောင်ဒဏ်ချမှတ်လိုက်ကြောင်း သိရပါတယ်။ ဝါရင်းဗင်ဆင့်တ်ကာနာဘီ အမည်ရှိ ဖိလစ်ပိုင်အမျိုးသားဟာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းအဖြစ် Sengkang တစ်ဝိုက် မနက်ပိုင်း ပြေးခဲ့စဥ်အတွင်း ကွန်ဒိုတိုက်ခန်းတစ်ခုရဲ့ အပြင်ဘက်မှာ ရှူးဖိနပ်အများအပြား ချွတ်ထားတာကို စတင်တွေ့ရှိခဲ့မိတယ်လို့ ဆိုပါတယ်။

(La Fiesta ကွန်ဒိုတိုက်ခန်း) (Photo: Newslunch101)

ထို့နောက် ကာနာဘီက ရှူးဖိနပ်တွေကို ခိုးယူသွားပြီး အွန်လိုင်းမှာရောင်းချရန် သို့မဟုတ် ဖိလစ်ပိုင်ပြန်ရောက်ပါက ရောင်းချရန် အကြံရသွားခဲ့ပါတယ်။ ဖိနပ်သူခိုး ကာနာဘီကို ဖိနပ် ၁၂၂ ရံနဲ့အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။ ၎င်းကို စွဲချက် ၁၀ ခုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး တရားရုံးက ထောင်ဒဏ် ၁၃ လနဲ့ ၂ ပတ် ယနေ့ (နိုဝင်ဘာ ၄ ရက်) ချမှတ်လိုက်ကြောင်း CNA သတင်းက ဖော်ပြပါတယ်။ ကာနာဘီရဲ့ ပြစ်မှုအများစုဟာ Sengkang တစ်ဝိုက် ဖိနပ်ခိုးမှုတွေ ဖြစ်တယ်လို့ဆိုပါတယ်။



၎င်းကို နောက်ထပ် စွဲချက် ၂၀ ခုအတွက်လည်း ပြစ်ဒဏ်ချမှတ်ရန် တရားရုံးက ဆင်ခြင်သုံးသပ်နေပါတယ်။ တရားရုံးကြားနာမှုအရ ကာနာဘီဟာ ဇူလိုင်လအတွင်း Sengkang ရှိ La Fiesta ကွန်ဒိုအဆောက်အအုံအနီး အပြေးလေ့ကျင့်ခဲ့စဥ် ကွန်ဒိုမှာနေထိုင်သူ အများအပြားက ၎င်းတို့ရဲ့ ဖိနပ်တွေကို အိမ်ခန်းအပြင်ဘက်မှာ ချွတ်ထားကြကြောင်း သတိပြုမိခဲ့တယ်လို့ ဆိုပါတယ်။

(La Fiesta ကွန်ဒိုတည်ရှိရာ မြေပုံ) (Map: Google Maps)

ထို့နောက်မှာတော့ ဖိနပ်ခိုးရန် အကြံရသွားတဲ့ ကာနာဘီက တစ်ပတ်လျှင် သုံးကြိမ်မှ လေးကြိမ် ရှူးဖိနပ်တွေကို စတင်ခိုးယူခဲ့ကြောင်း သိရပါတယ်။ ကာနာဘီက ခိုးယူခဲ့တဲ့ ရှူးဖိနပ်တွေကို Carousell ဝက်ဘ်ဆိုက်မှာတင်ရောင်းရန် သို့မဟုတ် ဖိလစ်ပိုင်မှာရောင်းချရန် ရည်ရွယ်ခဲ့တယ်လို့ အစိုးရရှေ့နေ Etsuko Lim က ပြောပါတယ်။

ကာနာဘီက မျက်မှန်တပ်၊ ဦးထုပ်ဆောင်းကာ ရုပ်ဖျက်ထားပြီး ခိုးယူခဲ့တဲ့ ရှူးဖိနပ်တွေကို ကျောပိုးအိတ်တစ်လုံးထဲမှာ သိုဝှက်ယူဆောင်ခဲ့ကြောင်း တရားရုံးကြားနာမှု မှတ်တမ်းကဖော်ပြပါတယ်။ နောက်ဆုံးမှာတော့ ကာနာဘီဟာ MacBook Pro အမျိုးအစား လက်ပ်တော့တစ်လုံးနဲ့ စကူတာတစ်စီးကိုပါ ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။

(La Fiesta ကွန်ဒိုတိုက်ခန်း မြင်ကွင်းတစ်ခု) (Photo: Alphonsus Chern)

၎င်းဟာ တစ်လအတွင်း ထိုခိုးမှုတွေကို ကျူးလွန်ခဲ့ကြောင်းနဲ့ ၃၅ စင်ကာပူဒေါ်လာတန် (မြန်မာကျပ်ငွေ ၄ သောင်းနီးပါး) Adidas တံဆိပ် ခြေညှပ်ဖိနပ်တစ်ရံကို စတင်ခိုးယူခဲ့ကြောင်း သိရပါတယ်။ ထို့နောက် ကာနာဘီက Nike နဲ့ Timberland တံဆိပ်များ အပါအဝင် ဒေါ်လာရာနဲ့ချီ တန်ဖိုးရှိတဲ့ ဖိနပ်တွေကို ဇူလိုင် ၃၁ ရက်နေ့မှာ အဖမ်းမခံရခင်အထိ ဆက်တိုက် ခိုးယူခဲ့ပါတယ်။

ကာနာဘီက Sengkang ရှိ ကွန်ဒိုအခန်းတစ်ခန်းကနေ စင်ကာပူဒေါ်လာ ၄၅၀ (မြန်မာကျပ်ငွေ ၅၀၀,၀၀၀ ဝန်းကျင်) တန်ဖိုးရှိ Timerland တံဆိပ် ရှူးဖိနပ်နှစ်ရံနဲ့ စင်ကာပူဒေါ်လာ ၃၂၀ (မြန်မာကျပ်ငွေ ၃၆၀,၀၀၀ ဝန်းကျင်) တန်ဖိုးရှိ Nike တံဆိပ် အပြေးဖိနပ်တစ်ရံကိုလည်း ခိုးယူခဲ့ဖူးကြောင်း CNA သတင်းက ဖော်ပြပါတယ်။

(La Fiesta ကွန်ဒိုတိုက်ခန်းများ) (Photo: La Fiesta)

ကာနာဘီဟာ ဇူလိုင် ၃၀ ရက်နေ့က ဖိနပ်ခိုးရန် လှည့်လည်ချောင်းမြောင်းခဲ့စဥ် ပြတင်းပေါက်တံခါးဖွင့်ထားတဲ့ ကွန်ဒိုတိုက်ခန်းအတွင်း စားပွဲပေါ်မှာ MacBook Pro လက်ပ်တော့တစ်လုံးကို တွေ့ခဲ့ပြီးနောက် ပြတင်းပေါက်မှတစ်ဆင့် စားပွဲခင်းကို ၎င်းဘက်သို့ လှမ်းဆွဲယူကာ လက်ပ်တော့ကို ခိုးယူခဲ့ကြောင်း သိရပါတယ်။ ကာနာဘီ ကျူးလွန်ခဲ့တဲ့ ခိုးမှုများအနက် စင်ကာပူဒေါ်လာ ၂,၅၀၅ (မြန်မာကျပ်ငွေ သိန်း ၃၀ နီးပါး) တန် MacBook Pro ဟာ တန်ဖိုးအကြီးဆုံးလည်း ဖြစ်ပါတယ်။

စင်ကာပူဥပဒေအရ အိမ်ဖောက်ထွင်းပြီး MacBook ခိုးယူမှုဟာ အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်တဲ့ ပြစ်မှုလို့ဆိုပါတယ်။ ရဲတပ်ဖွဲ့က ဖိနပ်ပျောက်ကြောင်း တိုင်ကြားမှုတွေ လက်ခံရရှိပြီးနောက် လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ကာ ကာနာဘီကို ဇူလိုင် ၃၁ ရက်နေ့မှ ဖမ်းဆီးခဲ့ပါတယ်။ ကာနာဘီရဲ့ နေအိမ်ကို ရှာဖွေခဲ့ရာမှာ ဖိနပ်အများအပြား၊ ခြေဖြင့်တော့ပြီး အရှိန်ယူစီးနင်းရတဲ့ စကူတာတစ်စီးနဲ့ MacBook Pro တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က