အသစ်တွေ့ရှိတဲ့ ဗိုင်းရပ်စ်ကူးစက်ခံသူ အများစုဟာ အဆောင်နေ နိုင်ငံခြားသား အလုပ်သမားများ ဖြစ်ပါတယ်။
Ko John

အရှေ့တောင်အာရှဒေသတွင်း COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်မှုအများဆုံးဖြစ်ပွားနေတဲ့ စင်ကာပူနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၄၂၆ ဦးအထိ ယနေ့ (ဧပြီ ၂၀ ရက်) ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရပြီး နေ့စဥ် ကူးစက်မှုနှုန်း အမြင့်ဆုံးအဖြစ် စံချိန်ထပ်တင်ခဲ့ပါတယ်။

(Photo: CNA/MediaCorp)

အသစ်တွေ့ရှိတဲ့ ဗိုင်းရပ်စ်ကူးစက်ခံသူ အများစုဟာ အလုပ်လုပ်ခွင့်ပါမစ် ကိုင်ဆောင်ထားတဲ့ အဆောင်နေ နိုင်ငံခြားသား အလုပ်သမားများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက (Ministry of Health - MOH) က ပြောပါတယ်။ လက်ရှိအချိန်အထိ စင်ကာပူမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၈,၀၁၄ ဦးအထိ မြင့်တက်လာပြီး အရှေ့တောင်အာရှနိုင်တွေအနက် ကူးစက်မှုအများဆုံးလည်း ဖြစ်နေပါတယ်။

ယနေ့ အသစ်တွေ့ရှိရတဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေအနက် စင်ကာပူနိုင်ငံသား သို့မဟုတ် အမြဲတမ်း အခြေချနေထိုင်သူ ၆ ဦး ပါဝင်ခဲ့ပါတယ်။ စင်ကာပူမှာ နိုင်ငံခြားသား အလုပ်သမားများကြား ဗိုင်းရပ်စ်ကူးစက်မှုတွေ အစုအပြုံလိုက် ဆက်လက် မြင့်တက်နေရာ ၎င်းတို့နေထိုင်ကြတဲ့ အဆောင် ၁၈ ခုကို သီးခြားခွဲ ပိတ်ပင်ထားပါတယ်။

(Photo: AFP)

စင်ကာပူရှိ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ အလုပ်လုပ်ခွင့်ပါမစ်ရှိသူတွေနဲ့ S Pass ကိုင်ဆောင်ထားသူအားလုံးကို မေလ ၄ ရက်နေ့အထိ အိမ်မှာနေကြရန် သတိပေး အကြောင်းကြားထားတယ်လို့ CNA သတင်းမှာ ဖော်ပြပါတယ်။ ယနေ့ ညပိုငင်းအထိ စာရင်းတွေအရ စင်ကာပူမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈,၀၁၄ ဦး၊ သေဆုံးသူ ၁၁ ဦးနဲ့ ပြန်လည်သက်သာသူ ၇၆၈ ဦးရှိခဲ့ပါတယ်။

စင်ကာပူမှာ COVID-19 ကူးစက်မှုတိုက်ဖျက်ရေး Circuit Breaker အမည်ဖြင့် အစီအမံများ ဆောင်ရွက်နေပါတယ်။ ထိုအစီအမံအရ လုပ်ငန်းများနဲ့ ကျောင်းများ ပိတ်ထားခြင်း၊ လူစုလူဝေး မပြုလုပ်စေခြင်း၊ လူများ သတ်မှတ်အကွာအဝေးအတိုင်း ခပ်ခွာခွာနေစေခြင်း အပါအဝင် စည်းမျဥ်းစည်းကမ်းများ ထုတ်ပြန်ထားပြီး မလိုက်နာသူတွေကို ငွေဒဏ်ချမှတ်နေကြောင်းပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က