အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ စင်ကာပူမှာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရမှုနဲ့ ဆက်နွယ်နေတဲ့ ပထမဆုံး သေဆုံးမှုတွေရှိလာကြောင်း သိရပါတယ်။ COVID-19 ကြောင့် ထပ်တိုးရောဂါများဖြင့် လူနာနှစ်ဦး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
(Photo: AP)
COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံလူနာနှစ်ဦးဖြစ်တဲ့ အသက် ၇၅ နှစ်အရွယ် စင်ကာပူအမျိုးသမီးနဲ့ အသက် ၆၄ နှစ်အရွယ် အင်ဒိုနီးရှားအမျိုးသားတို့ဟာ ယနေ့ (မတ်လ ၂၁ ရက်) မနက်ပိုင်းမှာ သေဆုံးသွားကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာန (Ministry of Health - MOH) က ပြောပါတယ်။
အမျိုးသမီးဟာ လူနာအမှတ် ၉၀ ဖြစ်ပြီး The Life Church and Missions Singapore မှာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ ဆက်နွယ်နေခဲ့ပါတယ်။ ၎င်းဟာ နာတာရှည် နှလုံးရောဂါနဲ့ သွေးတိုးရောဂါရှိသူဖြစ်ပြီး လတ်တလောမှာ ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားနေတဲ့ နိုင်ငံနဲ့ နေရာဒေသများသို့ ခရီးမသွားခဲ့ဖူးကြောင်း MOH က ပြောပါတယ်။
(Photo: CNA/MediaCrop)
ဆေးရုံမတက်ရမီအထိ ထိုအမျိုးသမီးဟာ Bishan Street 12 ရှိ သူမရဲ့နေအိမ်မှာပင် အနေများသူလည်း ဖြစ်ပါတယ်။ ဖေဖေါ်ဝါရီ ၉ ရက်နေ့မှာ ရောဂါလက္ခဏာ စတင်ပြသလာခဲ့ပြီး ဖေဖေါ်ဝါရီ ၂၃ ရက်နေ့က အဆုတ်ရောင်ရောဂါဖြင့် National Centre for Infectious Diseases (NCID) သို့ ရောက်ရှိလာခဲ့ပါတယ်။
ထို့နေ့မှာပင် ၎င်းထံမှာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ထပ်တိုးရောဂါများ အခြေအနေဆိုးရွားလာခဲ့ပြီး ယနေ့ မနက် ၇ နာရီ ၅၀ မိနစ်မှာ ကွယ်လွန်သွားကြောင်းနဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ၂၆ ရက်ကြာ ကုသမှုခံယူခဲ့ကြောင်း MOH က ပြောပါတယ်။
(Photo: CNA/MediaCrop)
နောက်ထပ် သေဆုံးသူမှာ လူနာအမှတ် ၂၁၂ ဖြစ်ပြီ နှလုံးရောဂါရှိသူ အသက် ၆၄ နှစ်အရွယ် အင်ဒိုနီးရှား အမျိုးသားဖြစ်ပါတယ်။ ၎င်းဟာ မတ်လ ၉ ရက်နေ့က ရောဂါလက္ခဏာပြခဲ့ပြီး အဆုတ်ရောင်ရောဂါဖြင့် အင်ဒိုနီးရှားရှိ ဆေးရုံတစ်ရုံမှာ တက်ရောက်ခဲ့ပါတယ်။ ထို့နောက် စင်ကာပူကို မတ်လ ၁၃ ရက်နေ့မှာ ရောက်ရှိလာခဲ့ပြီး Mount Elizabeth ဆေးရုံမှာ ကုသမှုခံယူခဲ့ပါတယ်။
ထိုနေ့မှာပင် NCID သို့ အရေးပေါ်အခြေအနေဖြင့် ရောက်ရှိလာခဲ့ပြီး နောက်တစ်နေ့မှာတော့ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးအတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အမျိုးသားဟာလည်း ထပ်တိုးရောဂါများ ဆိုးရွားလာခဲ့ပြီး ယနေ့ မနက် ၁၀ နာရီ ၁၅ မိနစ်မှာ ကွယ်လွန်သွားကြောင်းနဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ကိုးရက်ကြာခဲ့ကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။
(Photo: CNA/MediaCrop)
COVID-19 ကြောင့် ယခု ကွယ်လွန်သွားတဲ့ အင်ဒိုနီးရှား အမျိုးသားဟာ ဗိုင်းရပ်စ်ကူးစက်ခံ လူနာအမှတ် ၂၈၉ ဖြစ်တဲ့ အသက် ၆၂ နှစ်အရွယ် စင်ကာပူအမျိုးသားနဲ့ ထိတွေ့မှုရှိခဲ့ကြောင်း MOH က ဆိုပါတယ်။ ယနေ့ နေ့လယ်ပိုင်းအထိ စင်ကာပူမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၈၉ ဦး၊ သေဆုံးသူ ၂ ဦးနဲ့ ပြန်လည်သက်သာသွားသူ ၁၂၄ ဦးရှိကြောင်း သိရပါတယ်။
(Photo: Gaya Chandramohan/MediaCorp)
ယနေ့ နေ့လယ်ပိုင်းအထိ အီတလီမှာ COVID-19 ကြောင့် သေဆုံးသူ ၄,၀၃၂ ဦးအထိ မြင့်တက်လာပြီး ကမ္ဘာတစ်ဝှမ်းမှာ သေဆုံးမှုအများဆုံးလည်း ဖြစ်လာပါတယ်။ အီတလီမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၇,၀၂၁ ဦး စစ်ဆေးတွေ့ရှိထားပြီး ပြန်လည်သက်သာသွားသူ ၁,၀၄၅ ဦးရှိခဲ့ပါတယ်။
အရှေ့တောင်အာရှနဲ့ အာဆီယံဒေသတွင်း COVID-19 အခြေအနေ (မတ်လ ၂၁ ရက် ည ၈ နာရီခွဲအထိ)
• မလေးရှား - (ကူးစက် - ၁,၁၈၃၊ သေဆုံး - ၈၊ ပြန်လည်သက်သာ - ၂၆)
• အင်ဒိုနီးရှား - (ကူးစက် - ၄၅၀၊ သေဆုံး - ၃၈၊ ပြန်လည်သက်သာ - ၂)
• စင်ကာပူ - (ကူးစက် - ၄၃၂၊ သေဆုံး - ၂၊ ပြန်လည်သက်သာ - ၁၄၀)
• ထိုင်း - (ကူးစက် - ၄၁၁၊ သေဆုံး - ၁၊ ပြန်လည်သက်သာ - ၃၄)
• ဖိလစ်ပိုင် - (ကူးစက် - ၃၀၇၊ သေဆုံး - ၁၉၊ ပြန်လည်သက်သာ - ၂)
• ဗီယက်နမ် - (ကူးစက် - ၉၁၊ သေဆုံး - မရှိ၊ ပြန်လည်သက်သာ - ၁၆)
• ဘရူနိုင်း - (ကူးစက် - ၇၈၊ သေဆုံး - မရှိ၊ ပြန်လည်သက်သာ - မရှိ)
• ကမ္ဘောဒီးယား - (ကူးစက် - ၅၁၊ သေဆုံး - မရှိ၊ ပြန်လည်သက်သာ - ၁)
• အရှေ့တီမော - (ကူးစက် - ၁၊ သေဆုံး - မရှိ၊ ပြန်လည်သက်သာ - မရှိ)
• မြန်မာ - ကူးစက်ခံရမှု မတွေ့ရှိ
• လာအို - ကူးစက်ခံရမှု မတွေ့ရှိ
စုစုပေါင်း အရေအတွက် - (ကူးစက် - ၂,၅၉၃၊ သေဆုံး - ၆၈၊ ပြန်လည်သက်သာ - ၂၂၁)