စင်ကာပူနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ နောက်ထပ် ၉၄၂ ဦးအထိ ယနေ့ (ဧပြီ ၁၈ ရက်) တွေ့ရှိခဲ့ရပြီး နေ့စဥ် အသစ်တွေ့ရှိမှု စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရပါတယ်။
(Photo: Edgar Su/Reuters)
ကျန်းမာရေးဝန်ကြီးဌာန (Ministry of Health - MOH) က ယနေ့ မွန်းလွဲပိုင်းမှာ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး စင်ကာပူမှာ လတ်တလော ရက်ပိုင်းအတွင်း နေ့စဥ် ကူးစက်မှုများ သိသိသာသာ တိုးလာနေပါတယ်။ အသစ်တွေ့ရှိရတဲ့ ကူးစက်ခံရသူ အများစုဟာ အလုပ်လုပ်ခွင့်ပါမစ်ရရှိထားသူ အဆောင်နေ နိုင်ငံခြားသား အလုပ်သမားများ ဖြစ်တယ်လို့ ဆိုပါတယ်။
(Photo: Hanidah Amin)
စင်ကာပူမှာ နိုင်ငံခြားသား အလုပ်သမားများနေထိုင်ရာ အဆောင် ၁၃ ခုကို သီးခြားခွဲထားတဲ့ နေရာများအဖြစ် သတ်မှတ်ထားပြီး အလုပ်သမားတွေကို ၎င်းတို့အခန်းများကနေ ပြင်ပထွက်ခွာခွင့် ၁၄ ရက်ကြာ ပိတ်ပင်ထားပါတယ်။ ယနေ့ မွန်းလွဲပိုင်းအထိ စာရင်းတွေအရ အရှေ့တောင်အာရှမှာ စင်ကာပူက ဗိုင်းရပ်စ်ကူးစက်မှု တတိယအများဆုံးနိုင်ငံလည်း ဖြစ်လာခဲ့ပါတယ်။
ယနေ့ မွန်းလွဲပိုင်းအထိ စင်ကာပူမှာ ဗိုင်းရပ်စ်ကူးစက်ခံသူ ၅,၉၉၂ ဦး၊ သေဆုံးသူ ၁၁ ဦးနဲ့ ပြန်လည်သက်သာသူ ၇၀၈ ဦးရှိကြောင်း သိရပါတယ်။ စင်ကာပူမှာ COVID-19 ကူးစက်မှုတိုက်ဖျက်ရေး Circuit Breaker အမည်ဖြင့် အစီအမံများ ဆောင်ရွက်နေပါတယ်။ ထိုအစီအမံအရ လုပ်ငန်းများနဲ့ ကျောင်းများ ပိတ်ထားခြင်း၊ လူစုလူဝေး မပြုလုပ်စေခြင်း၊ လူများ သတ်မှတ်အကွာအဝေးအတိုင်း ခပ်ခွာခွာနေစေခြင်း အပါအဝင် စည်းမျဥ်းစည်းကမ်းများ ထုတ်ပြန်ထားပြီး မလိုက်နာသူတွေကို ငွေဒဏ်ချမှတ်နေကြောင်းပါတယ်။