အများစုဟာ အဆောင်တွေမှာ နေထိုင်ကြတဲ့ နိုင်ငံခြားသားအလုပ်သမားများ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ နောက်ထပ် ၇၂၈ ဦး ယနေ့ (ဧပြီ ၁၆ ရက်) ထပ်မံတွေ့ရှိရပြီး နေ့စဥ် ကူးစက်မှုနှုန်း အမြင့်ဆုံးအဖြစ် နောက်တစ်ကြိမ် စံချိန်သစ်တင်ခဲ့ပါတယ်။

(Photo: CNA)

ယနေ့ညနှောင်းပိုင်း ထုတ်ပြန်လိုက်တဲ့ စာရင်းအရ စင်ကာပူမှာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၄,၄၂၇ ဦးအထိ ရှိလာခဲ့ပါတယ်။ အသစ်တွေ့ရှိရတဲ့ ကူးစက်ခံရသူတွေအနက် ၈၁ ရာခိုင်နှုန်းဟာ ယခင် ကူးစက်မှု အစုအပြုံလိုက် တွေ့ရှိထားမှုတွေနဲ့ ဆက်စပ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန (Ministry of Health - MOH) က သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။



ယခု အသစ်တွေ့ရှိရတဲ့ ကူးစက်မှုတွေအနက် ၆၅၄ ဦးဟာ နိုင်ငံခြားအလုပ်သမား အဆောင်များမှဖြစ်ပြီး ၂၆ ဦးကတော့ အဆောင်တွေမှာ နေထိုင်ခြင်းမရှိတဲ့ အလုပ်လုပ်ခွင့်ပါမစ် ကိုင်ဆောင်ထားသူတွေ ဖြစ်ပါတယ်။ အသစ်တွေ့ရှိရတဲ့ ကူးစက်ခံရသူတွေအနက် စင်ကာပူနိုင်ငံသား ၄၈ ဦးလည်း ပါဝင်ခဲ့ပြီး ပြည်ပမှ ဝင်ရောက်လာသူတွေမှာတော့ နောက်ထပ် ကူးစက်ခံရမှု မတွေ့ခဲ့ရပါဘူး။

(Photo: AFP)

ဗိုင်းရပ်စ်ကူးစက်ခံရသူတွေအနက်မှ ၃၁ ဦး ဆေးရုံမှဆင်းနိုင်ခဲ့ပြီး သီးခြားခွဲစောင့်ကြည့်မယ့် နေရာများသို့ ရွှေ့ပြောင်းခဲ့ကြောင်း MOH က ပြောါတယ်။ လက်ရှိအချိန်အထိ စင်ကာပူမှာ အပြည့်အဝ နေပြန်ကောင်းသွားတဲ့ COVID-19 လူနာ စုစုပေါင်း ၆၈၃ ဦးရှိပြီး ဆေးရုံမှဆင်းနိုင်ခဲ့ကြောင်းနဲ့ ၁၀ ဦး သေဆုံးခဲ့ကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။

COVID-19 ကူးစက်မှုတိုက်ဖျက်ရေး စင်ကာပူအစိုးရက Circuit Breaker အမည်ဖြင့် အစီအမံများ ဆောင်ရွက်နေပါတယ်။ ထိုအစီအမံအရ လုပ်ငန်းများနဲ့ ကျောင်းများ ပိတ်ထားခြင်း၊ လူစုလူဝေး မပြုလုပ်စေခြင်း၊ လူများ သတ်မှတ်အကွာအဝေးအတိုင်း ခပ်ခွာခွာနေစေခြင်း အပါအဝင် စည်းမျဥ်းစည်းကမ်းများ ထုတ်ပြန်ထားပြီး မလိုက်နာသူတွေကို စင်ကာပူဒေါ်လာ ၃၀၀ ဒဏ်ငွေပေးဆောင်စေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က