"Circuit Breaker" လို့ အမည်ပေးထားတဲ့ စီမံဆောင်ရွက်မှုကာလကို နောက်ထပ် လေးပတ်ကြာတိုးချဲ့လိုက်ပါတယ်။
Ko John

အရှေ့တောင်အာရှဒေသတွင်း COVID-19 ကူးစက်မှုအများဆုံး ဖြစ်ပွားနေတဲ့ စင်ကာပူနိုင်ငံမှာ ဗိုင်းရပ်စ်တိုက်ဖျက်ရေး "Circuit Breaker" လို့ အမည်ပေးထားတဲ့ စီမံဆောင်ရွက်မှုကာလကို နောက်ထပ် လေးပတ်ကြာတိုးချဲ့ပြီး ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်လိုက်ပါတယ်။

(Photo: CNA/MediaCorp)

စင်ကာပူမှာ နောက်ထပ် လုပ်ငန်းခွင်နေရာများကို ပိတ်ပင်စေခြင်းကဲ့သို့ ပိုမိုတင်းကျပ်တဲ့ စီမံဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ဝန်ကြီးချုပ်လီရှန်လွန်းက ယနေ့ (ဧပြီ ၂၁ ရက်) ပြောကြားပါတယ်။ လူထုကြားမှာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းလျှော့ချရန်နဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေ အစုအပြုံလိုက် တွေ့ရှိလာရတဲ့ နိုင်ငံခြားသား အလုပ်သမားအဆောင်တွေကနေ ပိုမိုကျယ်ပြန့်တဲ့ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်ချက်ဖြင့် ပိတ်ပင်ကန့်သတ်ကာလကို တိုးချဲ့ခြင်းဖြစ်တယ်လို့ စင်ကာပူဝန်ကြီးချုပ်က ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောပါတယ်။

(Photo: MIC)

ထိုရည်ရွယ်တွေ အောင်မြင်စေရန် တင်းကျပ်တဲ့ "Circuit Breaker" အစီအမံတွေ လုပ်ဆောင်ရမယ်လို့လည်း ဝန်ကြီးချုပ်လီရှန်လွန်းက ဆိုပါတယ်။ စင်ကာပူမှာ နောက်ထပ် ပိုမိုများပြားတဲ့ လုပ်ငန်းခွင်နေရာတွေကို ပိတ်ထားစေမှာဖြစ်ပြီး လူသိများထင်ရှားတဲ့ သားငါးဈေးကဲ့သို့ နေရာတွေကို ဝင်ရောင်ခွင့်များကန့်သတ်သွားမယ်လို့ CNA သတင်းမှာ ဖော်ပြပါတယ်။

ဧပြီ ၇ ရက်မှာ စတင်သက်ရောက်ခဲ့တဲ့ "Circuit Breaker" အစီအမံအရ ယခင်က မရှိမဖြစ် လုပ်ငန်းတွေကို ဆက်လက် ဖွင့်လှစ်လုပ်ကိုင်ခွင့်ပြုထားခဲ့ပါတယ်။ သို့သော် ယခု ထပ်မံတိုးချဲ့လိုက်တဲ့ "Circuit Breaker" ကာလမှာတော့ ထိုလုပ်ငန်းတွေကိုလည်း ပိတ်ပင်ထားစေမှာဖြစ်ပြီး အလွန့်အလွန် မရှိမဖြစ်လုပ်ငန်းတွေကိုသာ ဆက်လက် ဖွင့်လှစ်ခွင့်ပြုသွားမယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောပါတယ်။

(Photo: CNA/MediaCorp)

မူလက "Circuit Breaker" ကာလကို မေလ ၄ ရက်နေ့အထိ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ "ဒါက မရှိမဖြစ် လုပ်ငန်းတွေကို သွားရောက်လုပ်ကိုင်နေရတဲ့ အလုပ်သမားအရေအတွက်ကို လျော့ကျသွားစေမှာဖြစ်ပြီး အလုပ်သမားတွေကြားမှာ ကူးစက်ပျံ့နှံ့မှုကို လျော့နည်းသွားစေမယ်" လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

စင်ကာပူမှာ ယနေ့ ညနေပိုင်းအထိ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ COVID-19 ကူးစက်ခံရသူ ၉,၁၂၅ ဦးအထိ မြင့်တက်လာခဲ့ပြီး ၁၁ ဦး သေဆုံးခဲ့ကြောင်းနဲ့ ၈၀၁ ဦး ပြန်လည်သက်သာခဲ့ပါတယ်။ စင်ကာပူဟာ ဧပြီ ၁၉ ရက်နေ့မှစပြီး အရှေ့တောင်အာရှဒေသတွင်း ဗိုင်းရပ်စ်ကူးစက်မှု အများဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။

(Photo: AFP)

ယမန်နေ့ (ဧပြီ ၂၀ ရက်) ကလည်း ကူးစက်ခံရသူ နောက်ထပ် ၁,၄၂၆ ဦးအထိ စစ်ဆေးတွေ့ရှိခဲ့ပြီး နေ့စဥ် ကူးစက်မှုအသစ် အများဆုံးတွေ့ရှိရမှုအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ယနေ့မှာလည်း ကူးစက်ခံရသူ ၁,၁၁၁ ဦး ထပ်မံတွေ့ရှိခဲ့ရပြီး လတ်တလော ရက်ပိုင်းအတွင်း ကူးစက်မှုအများစုကို နိုင်ငံခြားသား အလုပ်သမားများ နေထိုင်ကြတဲ့ အဆောင်တွေမှာ တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က