အရှေ့တောင်အာရှ နိုင်ငံများအနက် စင်ကာပူမှာ COVID-19 ကူးစက်မှုအများဆုံး တွေ့ရှိထားပါတယ်။

စင်ကာပူနိုင်ငံမှာ ဈေးတစ်ခုအတွင်း maske မတပ်ခြင်းနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း အပါအဝင် ပြစ်မှုအချို့ဖြင့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ယမန်နေ့ (မေ ၄ ရက်) က ဖမ်းဆီးခဲ့တဲ့ အမျိုးသမီးဟာ ယခင်ကလည်း လူအချင်းချင်း ထိတွေ့မှုနည်းစေရန် ခပ်ခွာခွာနေရမယ့် စီမံဆောင်ရွက်များကို မလိုက်နာခဲ့ကြောင်း CNA သတင်းက ဖော်ပြပါတယ်။ ထိုအမျိုးသမီးဟာ Shunfu ဈေးသို့လာစဥ် mask မတပ်ထားခဲ့ဘဲ mask တပ်ရန်ပြောတဲ့ အသက် ၄၇ နှစ်အရွယ် အခြား အမျိုးသမီးကိုလည်း ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။



သူမကို ပြည်သူတစ်ဦးအား လက်ရောက်ကျူးလွန်မှု၊ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမှုနဲ့ ဈေးထဲမှာ mask မတပ်ထားမှုတို့ဖြင့် ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ယမန်နေ့က ဖမ်းဆီးခဲ့တဲ့ အဆိုပါ အမျိုးသမီးကို ယနေ့ (မေ ၅ ရက်) တရားရုံးမှာ စွဲချက်တင်သွားမယ်လို့ သိရပါတယ်။

စင်ကာပူမှာ COVID-19 ကူးစက်မှု ထိန်းချုပ်ဟန့်တားရေး Circuit Breaker လို့ အမည်ပေးထားတဲ့ အစီအမံများ ချမှတ်ဆောင်ရွက်နေပါတယ်။ အရှေ့တောင်အာရှ နိုင်ငံများအနက် စင်ကာပူဟာ COVID-19 ကူးစက်မှုအများဆုံး ဖြစ်နေပြီး မေ ၄ ရက် ညပိုင်းအထိ ကူးစက်ခံရသူ ၁၈,၇၇၈ ဦး အတည်ပြုတွေ့ရှိထားပါတယ်။ စင်ကာပူမှာ COVID-19 ကြောင့် ၁၈ ဦး သေဆုံးခဲ့ပြီး ၁,၄၀၈ ဦး ပြန်လည်သက်သာခဲ့ကြောင်းလည်း သိရပါတယ်။

"လူတိုင်းက circuit breaker စီမံဆောင်ရွက်မှုတွေကို အလေးအနက် လိုက်နာသင့်ပါတယ်၊ ရဲတပ်ဖွဲ့အနေနဲ့ ဒီလို ဝရုန်းသုန်းကားဖြစ်စေတဲ့ ဥပဒေကို ဂရုမစိုက် အရေးမလုပ်တာနဲ့ ဘေးကင်းစေဖို့ ခပ်ခွာခွာနေရမယ့် စည်းမျဥ်းတွေကို တမင်ချိုးဖောက်တာကို သည်းခံမှာမဟုတ်ပါဘူး" လို့ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

(Photo: MEWR)

တနင်္ဂနွေနေ့ (မေ ၃ ရက်) က မွန်းလွဲပိုင်းက ဈေးတစ်ခုမှာ mask မတပ်ခဲ့ဘဲ သူမကို mask တပ်ရန်ပြောတဲ့ အခြား အမျိုးသမီးကိုလည်း ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သူ အမျိုးသမီးတစ်ဦးကို စုံစမ်းရှာဖွေနေကြောင်း ထိုနေ့ညပိုင်းမှာ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ထိုနောက် ထိုအမျိုးသမီးကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခုလည်း အွန်လိုင်းမှာ ပျံ့နှံ့ထွက်ပေါ်လာခဲ့ပြီး မေ ၄ ရက်နေ့မှာ သူမကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

Photo: CNA, Today Online


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က