နိုင်ငံခြားသား အလုပ်သမားများနေထိုင်ရာ အဆောင်များမှ ၄၀၄ ဦးအထိ ပါဝင်နေပါတယ်။

စင်ကာပူနိုင်ငံမှာ ၂၄ နာရီအတွင်း COVID-19 ရောဂါဗိုင်းရပ်စ်ကူးစက်မှု နောက်ထပ် စံချိန်သစ်တင် အများဆုံး တွေ့ရှိရမှုအဖြစ် ကူးစက်ခံရသူ ၄၄၇ ဦး စစ်ဆေးအတည်ပြုခဲ့ကြောင်း ဧပြီ ၁၅ ရက်နေ့က ထုတ်ပြန်တဲ့စာရင်းအရ သိရှိရပါတယ်။

(Photo: Ministry of Manpower)

လက်ရှိအချိန်အထိ စင်ကာပူမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃,၆၉၉ ဦးအထိ ရှိလာခဲ့ပါတယ်။ ထပ်မံတွေ့ရှိရတဲ့ ကူးစက်ခံရသူတွေအနက် ၄၀၄ ဦးဟာ နိုင်ငံခြားသား အလုပ်သမားများနေထိုင်ရာ အဆောင်များမှ ဖြစ်ပါတယ်။ နောက်ထပ် ငါးဦးကတော့ အဆောင်မှာနေထိုင်ခြင်းမရှိတဲ့ အလုပ်လုပ်ခွင့်ပါမစ် ကိုင်ဆောင်ထားသူတွေလို့ ဆိုပါတယ်။



ယမန်နေ့က အသစ်တွေ့ရှိရတဲ့ ကူးစက်ခံရသူတွေအနက် စင်ကာပူနိုင်ငံသား ၃၈ ဦးလည်း ပါဝင်ခဲ့ပြီး ပြည်ပမှ ဝင်ရောက်လာသူတွေမှာတော့ နောက်ထပ် ကူးစက်ခံရမှု မတွေ့ခဲ့ရပါဘူး။ စင်ကာပူမှာ အလုပ်သမားအဆောင်သုံးခု အပါအဝင် အစုအပြုံလိုက် ကူးစက်မှုနေရာအသစ်များလည်း ထပ်မံ တွေ့ရှိခဲ့ရကြောင်း CNA သတင်းမှ ဖော်ပြပါတယ်။

အလုပ်လုပ်ခွင့်ပါမစ် ကိုင်ဆောင်ထားသူများကြား ဗိုင်းရပ်စ်ကူးစက်မှုတွေ သိသာစွာ မြင့်တက်ခဲ့ကြောင်းနဲ့ အလုပ်သမားတွေကို ဗိုင်းရပ်စ် စစ်ဆေးမှုများ တိုမြှင့်လုပ်ဆောင်နေတာကြောင့်ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန (Ministry of Health - MOH) က ပြောပါတယ်။

စင်ကာပူမှာ ဧပြီ ၁၃ ရက်နေ့က စာရင်းထုတ်ပြန်မှုအရလည်း တစ်ရက်အတွင်း ဗိုင်းရပ်စ်ကူးစက်ခံသူ ၃၆၈ ဦး စစ်ဆေးတွေ့ရှိရပြီး အများဆုံးအဖြစ် စံချိန်တင်ခဲ့ပါသေးတယ်။ ယမန်နေ့ ညပိုင်းအထိ စင်ကာပူမှာ COVID-19 ကြောင့် ၁၀ ဦး သေဆုံးခဲ့ပြီး ၆၅၂ ဦး ပြန်လည်သက်သာခဲ့ကြောင်း သိရပါတယ်။

(Photo: Gaya Chandramohan/MediaCorp)

စင်ကာပူမှာ COVID-19 ကူးစက်မှုတိုက်ဖျက်ရေး Circuit Breaker အမည်ဖြင့် အစီအမံများ ဆောင်ရွက်နေပါတယ်။ ထိုအစီအမံအရ လုပ်ငန်းများနဲ့ ကျောင်းများ ပိတ်ထားခြင်း၊ လူစုလူဝေး မပြုလုပ်စေခြင်း၊ လူများ သတ်မှတ်အကွာအဝေးအတိုင်း ခပ်ခွာခွာနေစေခြင်း အပါအဝင် စည်းမျဥ်းစည်းကမ်းများ ထုတ်ပြန်ထားပြီး မလိုက်နာသူတွေကို စင်ကာပူဒေါ်လာ ၃၀၀ ဒဏ်ငွေပေးဆောင်စေပါတယ်။

ယမန်နေ့ ညပိုင်းအထိ စာရင်းတွေအရ စင်ကာပူအပါအအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၂၂,၆၂၉ ဦး၊ သေဆုံးသူ ၉၅၉ ဦးနဲ့ ပြန်လည်သက်သာသူ ၅,၉၇၄ ဦးရှိပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာတော့ လက်ရှိအချိန် COVID-19 ကူးစက်ခံရသူ ၂,၀၇၅,၅၂၈ ဦး၊ သေဆုံးသူ ၁၃၄,၂၈၆ ဦးနဲ့ ပြန်လည်သက်သာသူ ၅၀၀,၀၀၀ ကျော် ရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က