နိုင်ဂျီးရီးယားမှ ရောက်ရှိလာတဲ့ အမျိုးသားတစ်ဦး ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံသို့ ပြည်ပမှဝင်ရောက်လာသူတစ်ဦးထံမှာ ေမျာက်ကျောက်ရောဂါ (Monkeypox) ခေါ် ရေကျောက်နဲ့ဆင်တူတဲ့ ရောဂါကူးစက်မှု ပထမဆုံးအကြိမ် တွေ့ရှိရကြောင်း အတည်ပြုထားပါတယ်။

(Monkeypox ဖြစ်ပွားနေသည့် အာဖရိကမှ ကလေးတစ်ဦး) (Photo: AFP)

အဆိုပါ လူနာဟာ စင်ကာပူကို ဧပြီ ၂၈ ရက်မှာ ရောက်ရှိလာခဲ့တဲ့ နိုင်ဂျီးရီးယား အမျိုးသားဖြစ်ပြီး ၎င်းထံမှာ Monkeypox ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း မေ ၈ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာန (Ministry of Health - MOH) က မေ ၉ ရက် သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။



လက်ရှိမှာ ၎င်းရဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ်နေပြီး ကူးစက်ရောဂါဆိုင်ရာဌာန (National Centre for Infectious Diseases - NCID) မှာ တစ်ဦးတည်း သီးခြားအခန်းဖြင့်ထားရှိကြောင်း သိရပါတယ်။ CNA သတင်းဌာနက MOH ကို ဆက်သွယ်မေးမြန်းမှုအရ စင်ကာပူမှာ Monkeypox ဗိုင်းရပ်စ်ကူးစက်ခံရသူ တွေ့ရှိရမှုဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

(Monkeypox ကူးစက်မှုနဲ့ ရောဂါလက္ခဏာများ) (Infographic: CNA)

Monkeypox ဟာ ရှားပါးရောဂါတစ်မျိုးဖြစ်ပြီး တိရိစ္ဆာန်မှလူသို့ ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားကြောင်းနဲ့ အာဖရိက အလယ်ပိုင်းနဲ့ အနောက်ပိုင်းမှာ အဓိက ဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ရှဉ့်၊ ကြွက်နဲ့ မျောက်ကဲ့သို့ တိစ္ဆာန်တွေနဲ့ အနီးကပ် ထိတွေ့ခဲ့တဲ့ လူတွေကို ကူးစက်တတ်ပါတယ်။

"ဒီလူနာက စင်ကာပူကိုမလာခင် နိုင်ဂျီးယားရီးယားမှာ မင်္ဂလာပွဲတစ်ခုကို တက်ရောက်ခဲ့ပါတယ်၊ အဲဒီပွဲမှာ သူက တောရိုင်းတိရိစ္ဆာန်အသားကို စားခဲ့ပုံရပါတယ်၊ အဲဒီကနေ monkeypox ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာ ဖြစ်နိုင်ပါတယ်" လို့ MOH က ပြောခဲ့ပါတယ်။ Monkeypox ဗိုင်းရပ်စ်ဟာ တိရိစ္ဆာန်မှလူသို့ ကူးစက်နိုင်သလို လူမှလူသို့လည်း ကူးစက်နိုင်ပါတယ်။

(ကူးစက်ရောဂါဆိုင်ရာဌာန) (Photo: Today Online)

Monkeypox ဗိုင်းရပ်စ် ကူးစက်ခံထားရသူရဲ့ တံတွေး၊ ချွဲသလိပ်ကဲ့သို့ ခန္ဓာကိုယ်တွင်းထွက်အရည်များ၊ ဗိုင်းရပ်စ်ကူးစက်ခံထားရသူရဲ့ အရေပြားပြတ်ရှဒဏ်ရာများ သို့မဟုတ် ဗိုင်းရပ်စ်ကူးစက်ခံထားသူရဲ့ ခန္ဓာကိုယ်တွင်းထွက်အရည်များ လတ်တလော ပေကျံထားတဲ့ပစ္စည်းတွေနဲ့ အနီးကပ် ထိတွေ့ခဲ့မိသူတွေကို ကူးစက်နိုင်တယ်လို့ သိရပါတယ်။

လူအများစု သိထားကြတဲ့ ရေကျောက်နဲ့ဆင်တူတဲ့ Monkeypox ရောဂါလက္ခဏာတွေမှာ ဖျားခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ အရေကြည်ဖုများထွက်ခြင်း၊ အရေပြားပေါ်မှာ အဖုအပိမ့် အနီကွက်ထခြင်းတို့ ဖြစ်ပါတယ်။ Monkeypox ကြောင့် အဆုတ်ရောင်ရောဂါကဲ့သို့ ပြင်းထန်တဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်ပွားနိုင်ပြီး အချို့ရောဂါဖြစ်စဉ်တွေမှာ သေဆုံးတဲ့အထိပင် ဖြစ်နိုင်တယ်လို့ဆိုပါတယ်။

(Monkeypox ဗိုင်းရပ်စ်) (Photo: Public Health Image Library)

စင်ကာပူမှာတွေ့ရတဲ့ Monkeypox ရောဂါဖြစ်နေသူ နိုင်ဂျီးရီးယားအမျိုးသားဟာ ဆေးရုံသို့မရောက်မီ Hotel 81 Orchid ရဲ့ လိပ်စာဖြစ်တဲ့ 21 Lorong 8 Geylang မှာ နေထိုင်ခဲ့ကြောင်း CNA သတင်းကဖော်ပြပါတယ်။ ၎င်းဟာ ဧပြီ ၂၉ နဲ့ ၃၀ ရက်နေ့ 3 Church Street (ယခု Samsung Hub) မှာ ပြုလုပ်ခဲ့တဲ့ လုပ်ငန်းခွင်ဆိုင်ရာဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြောင်းလည်း သိရပါတယ်။

ဧပြီ ၃၀ ရက်မှာတော့ အဆိုပါ အမျိုးသားဟာ ကိုယ်ပူခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ အေးစိမ့်ပြီးချမ်းနေခြင်းနဲ့ အရေးပြား အဖုအပိမ့်ထွက်ခြင်းတို့ ဖြစ်ခဲ့တယ်လို့ MOH က ပြောပါတယ်။ Monkeypox ကူးစက်ခံရတဲ့ နိုင်ဂျီးရီးယားအမျိုးသားဟာ မေ ၁ ရက်နဲ့ ၇ ရက်အတွင်း အချိန်အများစုမှာ ၎င်းရဲ့ ဟိုတယ်ခန်းထဲမှာသာ နေထိုင်ခဲ့တယ်လို့လည်း MOH က ဖြည့်စွက်ပြောပါတယ်။

(Monkeypox ရောဂါလက္ခဏာတစ်ခု) (Photo: CDC)

မေ ၇ ရက်နေ့မှာတော့ ၎င်းကို ဟိုတယ်မှ Tan Tock Seng ဆေးရုံသို့ အရေးပေါ် လူနာတင်ကားဖြင့် ပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် NCID သို့ လွှဲပြောင်းလိုက်ကြောင်း သိရပါတယ်။ MOH ရဲ့ ထုတ်ပြန်ချက်အရ Monkeypox ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ နိုင်ဂျီးရီးယားအမျိုးသားနဲ့ အနီးကပ် ထိတွေ့ခဲ့ဖူးသူ ၂၃ ဦးရှိကြောင်း ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၎င်းတို့အနက် ၁၈ ဦးဟာ နိုင်ဂျီးယားအမျိုးသားလည်း တက်ရောက်ခဲ့တဲ့ လုပ်ငန်းခွင်ဆိုင်ရာဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြသူများ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ဆွေးနွေးပွဲပြုလုပ်တဲ့နေရာမှာ ဝန်ထမ်းတစ်ဦးနဲ့ နိုင်ဂျီးယားအမျိုးသား တည်းခိုနေထိုင်ခဲ့တဲ့ ဟိုတယ်မှ ဝန်ထမ်းလေးဦးတို့လည်း ပါဝင်ပါတယ်။

(Monkeypox ဖြစ်ပွားနေသည့် အာဖရိကကလေးငယ် ကုသမှုခံယူရန် စောင့်ဆိုင်းနေစဉ်) (Photo: AFP)

Monkeypox ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ နိုင်ဂျီးရီးယားအမျိုးသားနဲ့ အနီးကပ် ထိတွေ့ခဲ့သူ ၂၃ ဦးကို ကြိုတင်ကာကွယ်မှုအဖြစ် ၂၁ ရက်ကြာ သီးခြားခွဲထားရှိပြီး စောင့်ကြည့်သွားမယ်လို့ MOH က ထုတ်ပြန်ထားပါတယ်။ "ဒီလူနာနဲ့ အနီးကပ် ထိတွေ့ခဲ့သူတွေကို NCID က တွေ့ဆုံပြီးပါပြီ၊ သူတို့ကို ကာကွယ်ဆေးထိုးဖို့ ပြောထားပါတယ်၊ Monkeypox ရောဂါကာကွယ်ဖို့ ဒါမှမဟုတ် ရောဂါလက္ခဏာပြင်းထန်မှု လျော့နည်းစေဖို့ပါ" လို့ MOH က ပြောပါတယ်။

ဆက်စပ်ဖတ်ရှုရန် - ေမျာက်ကျောက်ရောဂါအကြောင်း သိထားသင့်သမျှ


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က