စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တဲ့ ပြစ်မှုအတွက် ဒဏ်ငွေရိုက်ခဲ့တာပါ။

စင်ကာပူမှာ သရေကွင်းနှစ်ကွင်း ပစ်ခဲ့ပြီးနောက် ပြန်မကောက်ဘဲ အများပြည်သူဆိုင်ရာ လမ်းမပေါ်မှာ ချထားခဲ့တဲ့ အမျိုးသားတစ်ဦးကို စင်ကာပူဒေါ်လာ ၃၀၀ ဒဏ်ငွေရိုက်ခဲ့ကြောင်း National Environment Agency (NEA) က မေ ၂၇ ရက်မှာ ပြောပါတယ်။

(လမ်းမပေါ် သရေကွင်းနှစ်ကွင်း ပစ်ခဲ့မှုအတွက် ဒဏ်ငွေရိုက်မှု ဖြတ်ပိုင်း) (Photo: @khrluffy/Twitter )

အများပြည်သူဆိုင်ရာ နေရာတစ်ခုမှာ သရေကွင်းပစ်ချထားခဲ့တဲ့ ပြစ်မှုအတွက် စင်ကာပူဒေါ်လာ ၃၀၀ (မြန်မာကျပ်ငွေ ၃၃၀,၀၀၀ ဝန်းကျင်) ဒဏ်ငွေပေးဆောင်ရန် NEA ရဲ့ ချလန်ဖြတ်ပိုင်း ဓာတ်ပုံကို ဆိုရှယ်မီဒီယာမှာ တင်ထားခဲ့ပြီး အများအပြား ပြန်လည်မျှဝေထားကြတာလည်း တွေ့ရပါတယ်။



CNA သတင်းဌာနက NEA ကို ဆက်သွယ်မေးမြန်းခဲ့ရာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ (မေ ၂၃ ရက်) က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပြီး လမ်းပေါ်မှာ သရေကွင်းပစ်ချထားခဲ့တဲ့ အမျိုးသားကို စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုအတွက် ဒဏ်ငွေရိုက်ခဲ့ကြောင်း ဖြေကြားခဲ့ပါတယ်။ လမ်းပေါ်မှာ သရေကွင်းပစ်ချထားခဲ့တဲ့ အမျိုးသားကလည်း NEA အရာရှိတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Lianhe Wanbao)

"အမျိုးသားတစ်ယောက်က သူ့ရဲ့ကားဆီကို လမ်းလျှောက်လာနေရင်း သရေကွင်းနှစ်ကွင်းကို တစ်ကွင်းပြီးတစ်ကွင်း လေထဲကိုပစ်လိုက်တာ NEA အရာရှိတွေက တွေ့ခဲ့ကြတယ်၊ အဲဒီ သရေကွင်းနှစ်ကွင်းက အများပြည်သူဆိုင်ရာ လမ်းမပေါ်ကျနေခဲ့တာကို သူက ပြန်မကောက်ခဲ့ဘူး၊ NEA အရာရှိတွေက သူ့ကို စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တဲ့ ပြစ်မှုကျူးလွန်ခဲ့တယ်လို့ အသိပေးပြောကြားခဲပြီး ဒဏ်ငွေပေးဆောင်ရမယ့် ဖြတ်ပိုင်းထုတ်ပေးခဲပါတယ်" လို့ NEA က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အလားတူ မေ ၁၆ ရက်မှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခဲ့တဲ့ အမျိုးသမီးနှစ်ဦးကိုလည်း တစ်ဦးလျှင် စင်ကာပူဒေါ်လာ ၃၀၀ စီ ဒဏ်ရိုက်ခဲ့သေးကြောင်း သိရပါတယ်။ အဆိုပါ အမျိုးသမီးနှစ်ဦးကတော့ Woodlands MRT ဘူတာရုံတစ်ခု အပြင်ဘက်မှာ ၎င်းတို့ရဲ့ အချို့ရည်ဘူးခွံတွေကို ထားခဲ့ကြတာကြောင် ဖြစ်တယ်လို့ NEA က ပြောပါတယ်။

(အချိုရည်ဘူးခွံထား စည်းကမ်းမဲ့ ထားခဲ့မှုအတွက် ဒဏ်ငွေရိုက်မှု ဖြတ်ပိုင်း) (Photo: All Singapore Stuff)

အချိုရည်ဘူးခွံတွေ စည်းကမ်းမဲ စွန့်ပစ်ခဲ့တဲ့ ပြစ်မှုကျူးလွန်သူ အမျိုးသမီးနှစ်ဦးက နောက်လေးရက်အကြာမှာ ဒဏ်ငွေလာဆောင်သွားခဲ့ပါတယ်။ "စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာက ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့ အကျိုးဆက်တွေ ဖြစ်စေတယ်ဆိုတာ သတိပေးချင်ပါတယ်၊ စည်းကမ်းမဲ့ အမှိုက်မပစ်ဘဲ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားခြင်းက ယဉ်ကျေးမှုတစ်ခုဖြစ်ပြီး လုပ်ဆောင်ရမယ့် လူမှုတာဝန်ဖြစ်ပါတယ်" လို့ NEA က ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က