မြန်မာအိမ်အကူထက် ပိုပြီးအလုပ်လုပ်ရတယ်လို့ ယူဆထားပြီး မနာလိုဖြစ်နေခဲ့ပါတယ်။
Ko John

စင်ကာပူနိုင်ငံမှာ တစ်အိမ်တည်း အတူတူ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအိမ်အကူအမျိုးသမီးအပေါ် မနာလိုဖြစ်ရာမှ အိမ်ရှင်တွေရဲ့ သုံးလအရွယ် ကလေးငယ်ကိုတိုက်မယ့် နို့မှုန့်ထဲသို့ ဆပ်ပြာမှုန့် ရောစပ်ခဲ့သူ အင်ဒိုနီးရှား အိမ်အကူအမျိုးသမီးကို ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။

(Photo: AFP)

အင်ဒိုနီးရှား အိမ်အကူအမျိုးသမီးက သူမဟာ သူမထက်ငယ်ရွယ်တဲ့ မြန်မာအိမ်အကူထက် ပိုပြီးအလုပ်လုပ်ရတယ်လို့ ထင်မြင်ယူဆထားပြီး မနာလိုဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။ ထို့သို့ မနာလိုဖြစ်နေခဲ့ရာမှ ပုဂ္ဂိုလ်ရေး အမုန်းတရားဖြင့် မြန်မာအိမ်အကူ အမျိုးသမီး ပြဿနာဖြစ်စေရန် ရည်ရွယ်ပြီး ကလေနို့မှုန့်ထဲသို့ ဆပ်ပြာမှုန့်ရောထည့်ခဲ့ကြောင်း တရားရုံး ကြားနာစစ်ဆေးမှုမှာ ဖော်ပြပါတယ်။

အသက် ၂၉ နှစ်အရွယ် အင်ဒိုနီးရှား အိမ်အကူအမျိုးသမီးကို အဆိပ်ခပ်ရန်ကြံစည်မှုဖြင့် စင်ကာပူတရားရုံးက ယနေ့ (စက်တင်ဘာ ၂၀ ရက်) ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ယခုအမှုနဲ့ ဆက်နွယ်သူအားလုံးရဲ့ အချက်အလက်တွေကိုတော့ တရားရုံးတော်က ကာကွယ်ထားရမယ့် စည်းမျဉ်းအရ ထုတ်ပြန်နိုင်ခြင်း မရှိဘူးလို့လည်း သိရပါတယ်။

(စင်ကာပူမှ အိမ်အကူအလုပ်အကိုင်အေဂျင်စီတစ်ခု) (Photo: Ngau Kai Yan/MediaCorp)

အင်ဒိုနီးရှား အိမ်အကူအမျိုးသမီးဟာ နို့မှုန့်ထဲသို့ ဆပ်ပြာမှုန့်ရောထည့်ခံရတဲ့ ကလေးငယ်ရဲ့ ဦးလေးဖြစ်သူထံမှာ သုံးနှစ်ခွဲကြာ အလုပ်လုပ်ကိုင်လာခဲ့သူဖြစ်ပြီး မြန်မာအိမ်အကူ အမျိုးသမီးကိုတော့ ကလေငယ်းရဲ့ မိဘတွေက အလုပ်ခန့်ခဲ့တာ ဖြစ်ပါတယ်။

ယမန်နှစ် စက်တင်ဘာ ၆ ရက်နေ့မှာတော့ အင်ဒိုနီးရှား အိမ်အကူအမျိုးသမီးဟာ မည်သူမျှ သတိမထားမိချိန်မှာ မီးဖိုချောင်အတွင်း ကြောင်အိမ်ထဲရှိ နို့မှုန့်ဘူးထဲမှ နို့မှုန့်တစ်ဇွန်းကို ခပ်ယူပြီးနောက် ရေခဲသေတ္တာပေါ်မှာ သိုဝှက်ထားခဲ့ပါတယ်။ ထို့နောက် မီးပူတိုက်ပြီးချိန်မှာ အင်ဒိုနီးရှားအိမ်အကူက ရေခဲသေတ္တာပေါ်မှ နို့မှုန့်ဇွန်းကို ရေချိုးခန်းထဲသို့ ယူဆောင်သွားကာ နို့မှုန့်နဲ့ ဆပ်ပြာမှုန့်နှစ်မျိုးကို ရောစပ်ခဲ့ကြောင်း သိရပါတယ်။

(Photo: qoo10.sg)

ထိုသို့ ရောစပ်ပြီးနောက် သူမက Karihome Goat Milk Infant Formula နို့မှုန့်ဘူးထဲသို့ပြန်ထည့်ကာ ရောမွှေထားခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ နို့မှုန့်ဟာ အသက်သုံးလအရွယ် မိန်းကလေးကို ဖျော်စပ်တိုက်ကျွေးနေကျလည်း ဖြစ်ပါတယ်။ နောက်နေ့မှာတော့ မိခင်ဖြစ်သူက ကလေးငိုနေတာကြောင့် နို့မှုန့်ဖျော်တိုက်ရန် ပြင်ဆင်ခဲ့ပါတယ်။

နို့မှုန့်ဖျော်စဉ် နို့ဘူးကို လှုပ်ရမ်းရာမှာ နို့မှုန့်တွေက ကောင်းစွာပျော်ဝင်သွားပေမဲ့ နို့ဘူးအောက်ခြေမှာ ပန်းရောင်နဲ့အနက်ရောင် အမှုန်တွေရှိနေတာကို မိခင်က သတိပြုမိသွားပါတယ်။ ထို့နောက် မိခင်က နို့ဘူးအသစ်တစ်ဘူးဖြင့် နို့မှုန့်ထပ်ဖျော်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုတစ်ကြိမ်မှာတော့ နို့မှုန့်ဘူးထဲမှာ အပြာရောင်အမှုန်တွေကို တွေ့ခဲ့ရပါတယ်။

(စင်ကာပူမှ အလုပ်လုပ်ကိုင်သည့် အိမ်အကူအချို့) (Photo: MediaCorp)

မိခင်က နို့မှုန့်ဘူးကိုဖွင့်ပြီး အနံ့ခံကြည့်ရာ ဆပ်ပြာမှုန့်နဲ့တူတဲ့ အမွှေးနံ့ရခဲ့တယ်လို့ တရားရုံးမှာ ထွက်ဆိုပါတယ်။ ထိုသို့ဖြစ်ပြီးနောက် ကလေးကို နို့မှုန့်ဖျော်မတိုက်တော့ဘဲ မိခင်နို့သာ တိုက်ခဲ့တယ်လို့ဆိုပါတယ်။ ယခုဖြစ်ရပ်ကို မိသားစုက စစ်ဆေးကြည့်မှုအနေနဲ့ နို့မှုန့်ဝယ်ယူခဲ့တဲ့နေရာကိုပင် မိခင်ဖြစ်သူက ပြန်သွားကြည့်ခဲ့ပါတယ်။

နို့မှုန့်ရောင်းတဲ့နေရာက မဟုတ်မမှန် ရောစပ်ထားကြောင်း စွပ်စွဲရန် သံသယဖြစ်စရာ နည်းခဲ့တယ်လို့ သိရပါတယ်။ ထို့နောက်မှာတော့ အိမ်ရှင်တွေက ရဲတပ်ဖွဲ့ထံ ဖုန်းခေါ်ဆို တိုင်ကြားခဲ့ပြီး အင်ဒိုနီးရှား အိမ်အကူအမျိုးသမီးကို ဖမ်းဆီးခဲ့ပါတယ်။

(Photo: iStock)

အင်ဒိုနီးရှား အိမ်အကူအမျိုးသမီးက အသက် ၂၅ နှစ်အရွယ် မြန်မာအိမ်အကူအပေါ် မနာလိုစိတ်ကြောင့် သူမအတွက် ပြဿနာဖြစ်စေရန် ဖန်တီးတဲ့အနေနဲ့ နို့မှုန့်ထဲသို့ ဆပ်ပြာမှုန့်ရောထည့်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။ မြန်မာအိမ်အကူ အမျိုးသမီးက ကလေးထိန်းပြီး သက်သက်သာသာ အလုပ်လုပ်ရပေမဲ့ သူမကတော့ အိမ်အလုပ်တွေအားလုံး လုပ်နေရခြင်းကို ခံပြင်းစိတ်ပျက်ခဲ့ရတယ်လို့ အင်ဒိုနီးရှားအိမ်အကူက ပြောခဲ့ပါတယ်။

သူမကို အခြား အိမ်အကူထက် အလုပ်ပိုခိုင်းတယ်လို့ ခံစားရပြီး လက်ရှိ အိမ်ရှင်တွေထံမှာ အလုပ်ဆက်မလုပ်လိုတော့ကြောင်းလည်း အင်ဒိုနီးရှားအိမ်အကူက ဆိုပါတယ်။ ဆပ်ပြာမှုန့်ရောထည့်ခဲ့တဲ့ နို့မှုန့်ဘူးကို စင်ကာပူ ကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့အစည်း (Health Sciences Authority - HSA) က ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ပြီး ဆပ်ပြာမှုန့်များ ပါဝင်နေကြောင်း အတည်ပြုချက်ပေးခဲ့တယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။


က္က