မိုးသက်မုန်တိုင်းကျစဉ် အလွန်ကြီးမားတဲ့ လျှပ်စီးလက်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

စင်ကာပူမှာ လေပြင်းတိုက်ပြီး မိုးသည်းထန်မှုကြောင့် သစ်ပင်အချို့ လဲပြိုမှုတွေ ယနေ့ (မေ ၈ ရက်) ဖြစ်ပေါ်ခဲ့ပါတယ်။

(Photo: Johannes Tjendro)

စင်ကာပူလွှတ်တော်အမတ် Cheryl Chan က သစ်ပင်တစ်ပင် လဲပြိုကျနေတဲ့ ဓာတ်ပုံကို သူမရဲ့ Facebook မှာ တင်ထားခဲ့တာတွေ့ရပါတယ်။ အဆိုပါ သစ်ပင်လဲပြိုကျနေမှုဟာ Block 11 Bedok North Road မှာ ဖြစ်တယ်လို့ဆိုပါတယ်။



"ဒီနေ့မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းတိုက်မှုတွေကြောင့် သစ်ပင်တွေ လဲပြိုကျခဲ့တယ်လို့ သတင်းကြားသိရပါတယ်၊ မြို့တော်ကောင်စီက ဒီသစ်ပင်တွေကို ရှင်းလင်းနေကြပါတယ်၊ ဒေသခံတွေအနေနဲ့ အဲဒီနေရာတွေကနေ ရှောင်းရှားနေကြပြီ ကူညီကြဖို့ ကျွန်မ တိုက်တွန်းပါတယ်၊ အဲဒီနေရာမှာ တစ်ခုခုဖြစ်တာတွေ့ရရင် မြို့တော်ကောင်စီကို ကျေးဇူးပြုပြီး ဆက်သွယ်ပေးကြပါ" လို့ Cheryl Chan က Facebook မှာ ပြောထားပါတယ်။

(Photo: @NEAsg/Twitter)

ထိုအတောအတွင်း Pal-IslandExpressway (PIE) လမ်းမပေါ်မှာ သစ်ပင်တစ်ပင် လဲပြိုကျမှုကြောင့် အဆိုပါ လမ်းမတစ်လျှောက် ယာဉ်ကြောပိတ်ဆိုကမှု တစ်နာရီကျော်ကြာ ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရပါတယ်။ သက်ဆိုင်ရာဝန်ထမ်းတွေက Portsdown လမ်းမမှာ လဲပြိုကျနေတဲ့ သစ်ပင်တစ်ပင်ကို ယနေ့ မွန်းလွဲပိုင်းအချိန်က ရှင်းလင်းဖယ်ရှားနေတာ တွေ့ခဲ့ရပါတယ်။ စင်ကာပူအရှေ့ပိုင်းမှာလည်း ရာသီဥတုကြမ်းတမ်းခဲ့မှုအတွင်း သစ်ပင်များလဲပြိုမှုနဲ့ သစ်ကိုင်းများကျိုးကျမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။

(Photo: Johannes Tjendro)

ရာသီဥတု ရုတ်တရက် ဆိုးရွားမှုဟာ ယနေ့ မနက် ၂ နာရီနဲ့ ၅ နာရီကြားမှာတစ်ကြိမ်၊ မနက် ၉ နာရီနဲ့ ၁၁ နာရီကြားမှာတစ်ကြိမ် ဖြစ်ပေါ်ခဲ့ကြောင်း CNA သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းမှုကို စင်ကာပူမိုးလေဝသဌာန (Meteorological Service Singapore - MSS) က ဖြေကြားခဲ့ပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုတွေအနက် Jurong West မှာ ယနေ့မနက် ၂ နာရီ ၅ မိနစ်မှ မွန်းလွဲ ၂ နာရီအတွင်း မိုးရေချိန် ၄.၃ လက်မအထိရှိခဲ့ကြောင်း တိုင်းတာသိရှိရတယ်လို့လည်း MSS က ပြောပါတယ်။ မိုးသက်မုန်တိုင်းကျစဉ်အတွင်း အလွန်ကြီးမားတဲ့ လျှပ်စီးလက်မှုတွေလည်း စင်ကာပူတောင်ပိုင်းနဲ့ အနောက်ပိုင်းတို့မှာ ဖြစ်ပေါ်ခဲ့တယ်လို့ MSS က ထုတ်ပြန်ပါတယ်။

(Photo: STOMP, Lianhe Wanbao Reader)

သဘာဝပတ်ဝန်းကျင်ဆိုင်ရာဌာန (National Environment Agency) က စင်ကာပူမှာ တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် လျှပ်စီးလက်တဲ့ရက် ၁၈၆ ရက် ကြုံရလေ့ရှိပြီး မေလအတွင်း အများဆုံး ဖြစ်ပေါ်လေ့ရှိတယ်လို့ ၎င်းတို့ရဲ့ Twitter မှာ ယနေ့မနက်အစောပိုင်းက ရေးသားထားပါတယ်။

စင်ကာပူ မိုးလေဝသဌာနကလည်း မေလ ဒုတိယပတ်မှာ မိုးထစ်ချုန်းပြီး လေပြင်းတိုက်မှုတွေကို သုံးရက် သို့မဟုတ် ငါးရက် ကြုံရနိုင်ကြောင်း ပြီးခဲ့တဲ့လအတွင်း ခန့်မှန်းချက်ထုတ်ပြန်ထားပါတယ်။ ထို့အတူ အပူချိန်များလည်း မြင့်တက်နေမယ်လို့ မိုးလေဝသဌာနက ခန့်မှန်းခဲ့ပြီး စင်ကာပူမှာ မေလဟာ တစ်နှစ်ပတ်လုံးရဲ့ အပူဆုံးလတွေထဲမှာ ပါဝင်နေကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က