loading...

loading...

loading...

ဗိုင်းရပ်စ်ကူးစက်ခံရသူ စင်ကာပူမှာ ၅၄ ဦးနဲ့ မလေးရှားမှာ ၂၁၂ ဦး နောက်ထပ် တွေ့ရှိခဲ့ပါတယ်။
Ko John

အာဆီယံဒေသတွင်း အိမ်နီးချင်း နှစ်နိုင်ငံဖြစ်တဲ့ စင်ကာပူနဲ့ မလေးရှားမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ နေ့စဥ် အသစ်တွေ့ရှိမှု အမြင့်ဆုံးအဖြစ် တိုးမြင့်လာခဲ့ပါတယ်။

(Photo: AFP)

ယနေ့ (မတ်လ ၂၃ ရက်) တရားဝင် ထုတ်ပြန်မှုတွေအရ စင်ကာပူမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၅၄ ဦး စစ်ဆေးတွေ့ရှိခဲ့ရပြီး နေ့စဥ် အသစ်တွေ့ရှိရမှုများအနက် အများဆုံးဖြစ်ပါတယ်။ စင်ကာပူမှာ ယနေ့ စစ်ဆေးတွေ့ရှိရတဲ့ နောက်ထပ် ဗိုင်းရပ်စ်ကူးစက်ခံသူတွေအနက် ၄၈ ဦးဟာ ပြည်ပမှ ဝင်ရောက်လာခဲ့သူတွေလည်း ဖြစ်ပါတယ်။

၎င်းတို့ဟာ ဥရောပ၊ မြောက်အမေရိကနဲ့ အာဆီယံနိုင်ငံများသို့ ခရီးသွားခဲ့သူတွေဖြစ်ကြောင်း စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာန (Ministry of Health - MOH) က ပြောပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် ဆေးရုံမှာ ကုသမှုခံယူနေရသူတွေအနက် နောက်ထပ် ၈ ဦး ဆေးရုံမှဆင်းနိုင်ခဲ့ကြောင်းလည်း MOH က ထုတ်ပြန်ပါတယ်။

(Photo: AP)

ယနေ့ ညပိုင်းအချိန်အထိ စာရင်းတွေအရ စင်ကာပူမှာ COVID-19 ကူးစက်ခံရသူ ၅၀၉ ဦး စစ်ဆေးတွေ့ရှိခဲ့ရာ ၁၅၂ ဦး ပြန်လည်သက်သာခဲ့ပြီး ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ စင်ကာပူနဲ့အိမ်နီးချင်း မလေးရှားနိုင်ငံမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၂၁၂ ဦး ယနေ့ တွေ့ရှိခဲ့ရပြီး နေ့စဥ် ဗိုင်းရပ်စ်ကူးစက်မှု အသစ်တွေ့ရှိမှု အများဆုံးအရေအတွက် တိုးလာခဲ့တာလည်း ဖြစ်ပါတယ်။

ယနေ့ ညပိုင်းအထိ မလေးရှားမှာ COVID-19 ကြောင့် သေဆုံးသူ ၁၄ ဦးရှိခဲ့ပြီး ၁၅၉ ဦး ပြန်လည်သက်သာလာခဲ့ပါတယ်။ ယခု အသစ်တွေ့ရှိရတဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေအနက် ၁၂၃ ဦးဟာ ဖေဖေါ်ဝါရီ ၂၈ ရက်မှ မတ်လ ၁ ရက်အထိ ကွာလမ်လမ်ပူမြို့စွန် Sri Petaling မြို့ရှိ ဗလီတစ်ခုမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဘာသာရေး စုဝေးပွဲနဲ့ ဆက်နွယ်နေပါတယ်။

(Photo: Reuters)

လက်ရှိအချိန်အထိ မလေးရှားမှာ စစ်ဆေးတွေ့ရှိထားတဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူ အားလုံးအနက်မှ ၉၇၀ ဦး သို့မဟုတ် ၆၂ ရာခိုင်နှုန်းဟာ အဆိုပါ ဘာသာရေး စုဝေးပွဲနဲ့ ဆက်နွယ်နေတာ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံများအနက် အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့မှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရသူနဲ့ သေဆုံးသူ မြင့်တက်ခဲ့ပါတယ်။

အခြား အာဆီယံနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မြန်မာ၊ စင်ကာပူ၊ ဗီယက်နမ်နဲ့ ဘရူနိုင်းတို့မှာလည်း ဗိုင်းရပ်စ်ကူးစက်ခံမှုတွေ တွေ့ရှိထားပါတယ်။ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအနက် မတ်လ ၂၂ ရက် ညပိုင်းအထိ လာအိုမှာတော့ ဗိုင်းရပ်စ်ကူးစက်မှု မတွေ့ရှိသေးကြောင်း တရားဝင် စာရင်းများအရ သိရှိရပါတယ်။

(Photo: MediaCorp/CNA)

အရှေ့တောင်အာရှနဲ့ အာဆီယံဒေသတွင်း COVID-19 အခြေအနေ (မတ်လ ၂၃ ရက် ည ၁၁ နာရီ ၄၅ မိနစ်အထိ)

• မလေးရှား - (ကူးစက် - ၁,၅၁၈၊ သေဆုံး - ၁၄၊ ပြန်လည်သက်သာ - ၁၅၉)

• ထိုင်း - (ကူးစက် - ၇၂၁၊ သေဆုံး - ၁၊ ပြန်လည်သက်သာ - ၅၂)

• အင်ဒိုနီးရှား - (ကူးစက် - ၅၇၉၊ သေဆုံး - ၄၉၊ ပြန်လည်သက်သာ - ၃၀)

• စင်ကာပူ - (ကူးစက် - ၅၀၉၊ သေဆုံး - ၂၊ ပြန်လည်သက်သာ - ၁၅၂)

• ဖိလစ်ပိုင် - (ကူးစက် - ၃၉၆၊ သေဆုံး - ၃၃၊ ပြန်လည်သက်သာ - ၁၈)

• ဗီယက်နမ် - (ကူးစက် - ၁၂၁၊ သေဆုံး - မရှိ၊ ပြန်လည်သက်သာ - ၁၇)

• ဘရူနိုင်း - (ကူးစက် - ၈၈၊ သေဆုံး - မရှိ၊ ပြန်လည်သက်သာ - ၂)

• ကမ္ဘောဒီးယား - (ကူးစက် - ၈၄၊ သေဆုံး - မရှိ၊ ပြန်လည်သက်သာ - ၁)

• အရှေ့တီမော - (ကူးစက် - ၁၊ သေဆုံး - မရှိ၊ ပြန်လည်သက်သာ - မရှိ)

• မြန်မာ - (ကူးစက် - ၂၊ သေဆုံး - မရှိ)

• လာအို - ကူးစက်ခံရမှု မတွေ့ရှိ

စုစုပေါင်း အရေအတွက် - (ကူးစက် - ၃,၄၉၉၊ သေဆုံး - ၉၉၊ ပြန်လည်သက်သာ - ၄၃၁)


loading...

က္က