စကော့တလန်နိုင်ငံ ဂလက်စ်ဂိုးမြို့လယ်ရှိ ဟိုတယ်တစ်ခုမှာ ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
Ko John

စကော့တလန်နိုင်ငံ ဂလက်စ်ဂိုးမြို့လယ်ရှိ ဟိုတယ်တစ်ခုမှာ ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ဓားကိုင်အမျိုးသားကို ရဲတပ်ဖွဲ့က အသေပစ်သတ်လိုက်ကြောင်း သိရပါတယ်။

(Photo: Stephen Gibson/Buchanan Photos)

ဓားဖြင့်တိုက်ခိုက်မှုကြောင့် အသက် ၄၂ နှစ်အရွယ် ရဲအရာရှိတစ်ဦး အပါအဝင် လူခြောက်ဦး ဒဏ်ရာရခဲ့ပြီး ဆေးရုံမှာ ကုသမှုခံယူနေရပါတယ်။ ရဲအရာရှိဟာ ဒဏ်ရာပြင်းထန်ပေမဲ့ အခြေအနေ တည်ငြိမ်မှုရှိတယ်လို့ ဆိုပါတယ်။ နောက်ထပ် ဒဏ်ရာရသူ ငါးဦးဟာ အသက် ၁၇၊ ၁၈၊ ၂၀၊ ၃၈ နဲ့ ၅၃ နှစ်အရွယ်တွေ ဖြစ်ကြကြောင်း BBC သတင်းက ဖော်ပြပါတယ်။ ရဲတပ်ဖွဲ့က ယခုဖြစ်ရပ်ကို လက်ရှိမှာ အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ဆောင်ရွက်နေခြင်း မရှိဘူးလို့ ပြောပါတယ်။

(Photo: AFP via Getty Images)

အခြေအနေကို ထိန်းချုပ်ခဲ့ပြီး အများပြည်သူအတွက် အန္တရာယ်မရှိတော့ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရအမျိုးသားက ပြောခဲ့ပါတယ်။ ယခု ဖြစ်ရပ်နဲ့ပတ်သက်ပြီး နောက်ထပ် ဆက်စပ်နေသူကို ရှာဖွေနေမှု မရှိဘူးလို့လည်း ၎င်းက ဖြည့်စွက်ပြောပါတယ်။ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်မှာ ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားကြောင်း ရဲတပ်ဖွဲ့က သတင်းရရှိပြီးနောက် နှစ်မိနစ်အတွင်း အခင်းဖြစ်နေရာသို့ ရဲအရာရှိတွေ ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။

(Photo: AFP via Getty Images)

စကော့တလန် ပထမဝန်ကြီး နီကိုလာစတူဂျီရွန်က ယခုဖြစ်ရပ်ဟာ တစ်ကယ့်ဖြစ်ရပ်ဆိုးဖြစ်ပြီး အခြေအနေနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ အချက်အလက်တွေကို ပိုမိုရှင်းလင်းစွာ သိရှိရချိန်မှာ ဆက်လက် ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။ ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အခင်းဖြစ်နေရာ အနီးတစ်ဝိုက်ကို သွားလာခြင်းမပြုကြရန် ရဲတပ်ဖွဲ့က တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

(နောက်ဆက်တွသတင်းနဲ့ အချက်အလက် အပြောင်းအလဲရှိလာနိုင်ပါတယ်)


က္က