စစ်ဆေးမှုအဖြေ ၈၅ ရာခိုင်နှုန်း မှန်ကန်ကြောင်းနဲ့ လပိုင်းအတွင်း တရားဝင်ခွင့်ပြုချက် ရရှိနိုင်တယ်လို့ ဆိုပါတယ်။

အစ္စရေးကုမ္ပဏီတစ်ခုက အသက်ရှူထုတ်မှုကို စစ်ဆေးပြီး စက္ကန့် ၃၀ အတွင်း အဖြေသိရှိနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးကိရိယာတစ်မျိုးကို တီထွင်ဖန်တီးနေကြောင်း သိရပါတယ်။

(Photo: AFP)

NanoScent ကုမ္ပဏီက အဆိုပါ ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) အမြန်စစ်ဆေးတဲ့ ကိရိယာကို တီထွင်စမ်းသပ်ခဲ့ရာ စစ်ဆေးမှုအဖြေများ ၈၅ ရာခိုင်နှုန်း မှန်ကန်ကြောင်းနဲ့ လပိုင်းအတွင်း သက်ဆိုင်ရာဌာနက တရားဝင်ခွင့်ပြုချက် ရရှိနိုင်တယ်လို့ ဆိုပါတယ်။ ယခုတီထွင်ထားတဲ့ ဗိုင်းရပ်စ်စစ်ဆေးကိရိယာဟာ ဓာတ်ခွဲခန်းတွေနေရာမှာ အစားထိုးမှာမဟုတ်ကြောင်း၊ သို့သော် လူအများအပြားကို စစ်ဆေးနိုင်တဲ့ ကိရိယာတစ်ခုဖြစ်ပြီး လူတွေကို ပုံမှန်အတိုင်း ပြန်လည်နေထိုင်ရန် ယုံကြည်မှုရှိရေး ကူညီနိုင်မယ်လို့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Oren Gavriely က ပြောပါတယ်။



(Photo: AFP)

NanoScent ကုမ္ပဏီဟာ သက်တမ်းလေးနှစ်ရှိပြီဖြစ်ပြီး ဆေးဘက်ဆိုင်ရာသုံး အပါအဝင် အလျင်အမြန် မှတ်သားတွက်ချက်တဲ့ နည်းပညာပိုင်းကို အဓိကထား လုပ်ဆောင်နေကြောင်း သိရပါတယ်။ NanoScent ရဲ့ အမှုဆောင်အရာရှိချုပ် Oren Gavriely ဟာ ဇန်နဝါရီလအတွင်း အမေရိကန်ကိုသွားရောက်ခဲ့စဥ် ၎င်းကုမ္ပဏီ ကျွမ်းကျင်မှုဖြင့် အာရှဒေသမှာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးကို ကူညီနိုင်ဖွယ်ရှိကြောင်း သတိပြုမိခဲ့တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ ဒါကိုလုပ်ဖို့ တစ်ပတ်လောက် အချိန်ပေး ရင်းနှီးမြှုပ်နှံပြီး ဘာဖြစ်မလဲ ကြည့်ကြတာပေါ့လို့ ပြောခဲ့တယ်လေ၊ ဒါပေမဲ့ အဲဒီတစ်ပတ်က ဘယ်တော့မှ မရပ်တော့ဘူးလေ" လို့ ၎င်းကပြောပါတယ်။ NanoScent ရဲ့ ကိရိယာဖြင့် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရာမှာ စစ်ဆေးခံမယ့်သူရဲ့ နှာခေါင်းပေါက်တစ်ခုမှာ စစ်ဆေးကိရိယာမှ ပိုက်ချောင်းငယ်ကို တေ့သွင်းထားပြီး လေရှူသွင်းရပါတယ်။

(Photo: AFP)

ထို့နောက် အသက်ရှူမှုကို ခဏရပ်ထားပြီး အခြား နှာခေါင်းပေါက်တစ်ခုကိုပိတ်ကာ ပိုက်ချောင်းငယ်မှတစ်ဆင့် "AirTrap" ခေါ် သေးငယ်တဲ့ အိတ်အတွင်းသို့ လေရှူထုတ်လိုက်ရတာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ပိုက်ချောင်းငယ်ကို "Scent Reader" ခေါ် သေးငယ်တဲ့ လေးထောင့်ပုံစံ ကိရိယာထဲသို့ ထိုးထည့်လိုက်ရာ ထိုကိရိယာက အိတ်ငယ်အတွင်းရှိနေတဲ့ လေတွေကို စုပ်ယူသွားပါတယ်။

ထို့နောက် စက္ကန့်ပိုင်းအတွင်းမှာ စစ်ဆေးမှုကိရိယာနဲ့ ချိတ်ဆက်ထားတဲ့ ဖုန်းပေါ်မှာ အဖြေထွက်ပေါ်လာတယ်လို့ AFP က ဆိုပါတယ်။ AFP က လက်တွေ့သွားရောက် လေ့လာခဲ့စဥ် စစ်ဆေးခဲ့ရာမှာတော့ "COVID-19 negative" လို့ အဖြေထွက်ပေါ်ခဲ့ကြောင်းလည်း သိရပါတယ်။

အစ္စရေးမြောက်ပိုင်းအခြေစိုက် NanoScent မှ သုတေသီတွေက ယခု စစ်ဆေးကိရိယာကို တီထွင်ဖန်တီးရာမှာ အနံ့အသက်တွေကို အခြေခံတဲ့ ဗိုင်းရပ်စ်မှတ်သားနည်းပညာကို မွမ်းမံထားကြောင်း Oren Gavriely က ပြောပါတယ်။ အစ္စရေး COVID-19 လူနာ ၁,၀၀၀ ခန့်ရဲ့ အသက်ရှူမှုကို လေ့လာဆန်းစစ်ခဲ့ပြီးနောက် NanoScent က ဗိုင်းရပ်စ်မှာရှိတဲ့ အနံအသက်တွေကို ခွဲခြားသိရှိနိုင်ခဲ့ကြောင်း အမှုဆောင်အရာရှိချုပ် Oren Gavriely က ရှင်းပြပါတယ်။

NanoScent ရဲ့ နည်းပညာဟာ အလွန် အလားအလာကောင်းတယ်လို့ Beersheba မြို့ရှိ Ben Gurion တက္ကသိုလ်မှ School of Public Health ရဲ့ ညွှန်ကြားရေးမှူး Nadav Davidovitch က ပြောပါတယ်။ NanoScent က တီထွင်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးကိရိယာရဲ့ ဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာအောက် (မြန်မာကျပ်ငွေ ၁၄,၀၀၀ အောက်) ဖြစ်နိုင်တယ်လို့ Oren Gavriely က ဆိုပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က