စမ်းသပ်ကုသခဲ့ရာမှာ လူနာများ လျင်လျင်မြန်မြန် နေပြန်ကောင်းလာခဲ့ပါတယ်။

COVID-19 လူနာတွေကို အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုက ထုတ်လုပ်ထားတဲ့ စမ်းသပ်လေ့လာနေဆဲ ဆေးဝါးဖြင့် ကုသခဲ့ရာမှာ လျင်လျင်မြန်မြန် နေပြန်ကောင်းလာခဲ့ကြောင်း သိရပါတယ်။

ဆေးဝါးအကြောင်း သတင်းအစ

ကယ်လီဖိုးနီးယားပြည်နယ် ဖော်စတာမြို့အခြေစိုက် ဆေးဝါးနဲ့ ဇီဝနည်းပညာကုမ္ပဏီ Gilead Sciences က ထုတ်လုပ်ထားတဲ့ Remdesivir အမည်ရှိဆေးဖြင့် COVID-19 လူနာတွေ ကုသခဲ့ရာ ရက်ပိုင်းအတွင်း ပြန်လည်သက်သာ နေကောင်းလာခဲ့ကြပြီး အိမ်ပြန်နိုင်ခဲ့တယ်လို့ STAT News သတင်းဌာနက ကြာသပတေးနေ့ (ဧပြီ ၁၆ ရက်) မှာ ဖော်ပြခဲ့ပါတယ်။ STAT က Remdesivir စမ်းသပ်ကုသမှုအကြောင်း ပြောကြားထားတဲ့ ဗီဒီယိုတစ်ခုကို ရရှိခဲ့ပြီးနောက် ထိုသတင်းကို ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။



အကောင်းဆုံးသတင်းကတော့ ကျွန်မတို့ရဲ့ လူနာအများစု ဆေးရုံဆင်းနိုင်ခဲ့ပါပြီ

Remdesivir ဆေးဖြင့် စမ်းသပ်ကုသမှု ခံယူခဲ့ကြတဲ့ COVID-19 လူနာတွေဟာ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများရှိပြီး ကိုယ်အပူချိန် မြင့်တက်နေသူများဖြစ်ကြောင်း သိရပါတယ်။ သို့သော် ၎င်းတို့ဟာ Remdesivir ဆေးဖြင့် ကုသမှုခံယူခဲ့ပြီး‌နောက် သီတင်းတစ်ပတ်မပြည်မီမှာ ဆေးရုံဆင်းနိုင်ခဲ့တယ်လို့ စမ်းသပ်ကုသမှုကို ဦးဆောင်ခဲ့သူ ဆရာဝန်ကို ကိုးကားပြီး STAT က ဖော်ပြပါတယ်။

သတင်းဌာနကရရှိခဲ့တဲ့ ဗီဒီယိုတစ်ခု

"အကောင်းဆုံးသတင်းကတော့ ကျွန်မတို့ရဲ့ လူနာအများစု ဆေးရုံဆင်းနိုင်ခဲ့ပါပြီ၊ ကျွန်မတို့ လူနာနှစ်ယောက်ပဲ ဆုံးပါးခဲ့ပါတယ်" လို့ Remdesivir ဆေးဖြင့် စမ်းသပ်ကုသမှုကို ဦးဆောင်ခဲ့သူ ချီကာဂိုတက္ကသိုလ်မှ ကူးစက်ရောဂါကျွမ်းကျင်ပညာရှင် ဒေါက်တာကက်သလင်းမူလန်နီက ဗီဒီယိုထဲမှာ ပြောထားပါတယ်။

STAT က ရရှိခဲ့တဲ့ ဗီဒီယိုထဲမှာ သူမ ပြောကြားထားမှုနဲ့ ပတ်သက်ပြီး CNN သတင်းဌာနက ဒေါက်တာမူလန်နီကို မှတ်ချက်ပေးရန် မေးမြန်းရာမှာတော့ ချက်ချင် ပြန်လည်ဖြေကြားခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ STAT က ဒေါက်တာမူလန်နီနဲ့ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဆွေးနေပြောဆိုနေကြတဲ့ ဗီဒီယိုကိုရရှိခဲ့တာ ဖြစ်ပါတယ်။

"ကျွန်မတို့ရဲ့ လူနာအများစုက ရောဂါလက္ခဏာပြင်းထန်ကြတယ်၊ သူတို့ထဲက အများစုက ခြောက်ရက်အကြာမှာ ဆေးရုံဆင်းနိုင်တယ်၊ ဒါကြောင့် ကုသမှုအတွက် ကြာမြင့်တဲ့ကာလက ၁၀ ရက်မရှိဘူးဆိုတာပဲ" လို့ သူမက ပြောခဲ့တယ်လို့ STAT က ကိုးကားဖော်ပြပါတယ်။

ခွင့်ပြချက်မရှိဘဲ ထုတ်ပြန်ခဲ့တဲ့ သတင်းအချက်အလက်

ချီကာဂိုတက္ကသိုလ်ကတော့ ဒေါက်တာမူလန်နီရဲ့ မှတ်ချက်များဟာ သတင်းအချက်အလက် တစ်စိတ်တစ်ပိုင်းသာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ "လက်ရှိ လုပ်ဆောင်နေဆဲ စမ်းသပ်ကုသမှုကနေရရှိတဲ့ အချက်အလက် တစ်စိတ်တစ်ပိုင်းက မပြည်စုံပါဘူး၊ ဘေးကင်းစိတ်ချရမှု သို့မဟုတ် ထိရောက်တဲ့ အလားအလာရှိ ကုထုံးတစ်ရပ်နဲ့ ပတ်သက်ပြီး ဒါကို ဘယ်သောအခါမှ အသုံးမပြုသင့်ပါဘူး" လို့ ချီကာဂိုတက္ကသိုလ်က ထုတ်ပြန်ချက်တစ်ခုမှာ ပြောထားပါတယ်။

ဒီအဆင့်မှာ တစ်စုံတရာ ကောက်ချက်ချခြင်းက အချိန်မတန်သေးဘဲ သိပ္ပံပညာအရ မခိုင်လုံပါဘူး

"ဒီကိစ္စမှာက စမ်းသပ်လုပ်ဆောင်နေဆဲ ကုသမှုအခြေအနေအပေါ် လုပ်ဖော်ကိုင်ဖက်တွေကြား ဆွေးနွေးမှု သတင်းအချက်အလက်ကို ခွင့်ပြချက်မရှိဘဲ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်၊ ဒီအဆင့်မှာ တစ်စုံတရာ ကောက်ချက်ချခြင်းက အချိန်မတန်သေးဘဲ သိပ္ပံပညာအရ မခိုင်လုံပါဘူး" လို့ ချီကာဂိုတက္ကသိုလ်က ထောက်ပြခဲ့ပါတယ်။

Remdesivir စမ်းသပ်မှုများနဲ့ COVID-19 ကုသရေး မျှော်လင့်ချက်

လက်ရှိအချိန်အထိ COVID-19 ကပ်ရောဂါအတွက် တရားဝင့် ခွင့်ပြုထားတဲ့ ကုထုံးမရှိသေးပါဘူး။ COVID-19 က လူနာအချို့မှာ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါနဲ့ အသက်ရှူလမ်းကြောင်းရောဂါ ဖြစ်စေနိုင်ပြီး အသက်သေဆုံးနိုင်ပါတယ်။ အမေရိကန်မှာ National Institutes of Health က ဆေးဝါးအချို့ဖြင့် COVID-19 က လူနာတွေကို စမ်းသပ်ကုသမှုများ စီစဥ်ပေးနေပြီး ထိုဆေးဝါးများအနက် Remdesivir လည်း အပါအဝင်ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်များ တားဆီးမှုနဲ့ကုသမှု နှစ်မျိုးလုံး လုပ်ဆောင်နိုင်ကြောင်း တွေ့ရပါတယ်

Gilead က ထုတ်လုပ်ထားတဲ့ Remdesivir ဆေးကို အီဘိုလာ (Ebola) ရောဂါအတွက် စမ်းသပ်ကုသခဲ့ရာမှာ အောင်မြင်မှုအနည်းငယ်မျှသာ ရှိခဲ့ပါတယ်။ သို့သော် တိရိစ္ဆာန်တွေမှာ စမ်းသပ်လေ့လာတွေအရ Remdesivir ဟာ SARS (Severe Acute Respiratory Syndrome) နဲ့ MERS (Middle East Respiratory Syndrome) ဗိုင်းရပ်စ်များ အပါအဝင် COVID-19 နဲ့ ဆက်နွယ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်များ (coronaviruses) တားဆီးမှုနဲ့ကုသမှု နှစ်မျိုးလုံး လုပ်ဆောင်နိုင်ကြောင်း တွေ့ရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ကလည်း Remdesivir က COVID-19 ကုသရန် အလားအလာရှိတဲ့ ဆေးတစ်မျိုးဖြစ်ကြောင်း ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်း ပြောခဲ့ပါတယ်။ ဒါဇင်နဲ့ချီတဲ့ ဆေးကုသရေးစင်တာတွေမှာ Remdesivir ဆေးဖြင့် စမ်းသပ်ကုသပေးနေပါတယ်။

Gilead က ကမ္ဘာတစ်ဝှမ်း စမ်းသပ်ကုသနေရာ ၁၅၂ ခုမှာ ရောဂါလက္ခဏာပြင်းထန်တဲ့ COVID-19 လူနာ ၂,၄၀၀ ကို စမ်းသပ်ကုသရာမှာ ထောက်ပံ့ပေးနေပါတယ်။ ထို့အတူ ကမ္ဘာတစ်ဝှမ်း ဆေးရုံနဲ့ ဆေးခန်း ၁၆၉ ခုမှာလည်း ရောဂါလက္ခဏာ မပြင်းထန်တဲ့ COVID-19 လူနာ ၁,၆၀၀ ကိုလည်း Remdesivir ဖြင့် စမ်းသပ်ကုသနေကြောင်း သိရပါတယ်။ စမ်းသပ်ကုသမှု ရလဒ်တွေကို ဧပြီလကုန်မှာ သိရှိနိုင်မယ်လို့ Gilead က မျှော်လင့်ထားပါတယ်။ 

Source: CNN, STAT, NBC News, Photo: AP


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က