ခရမ်းချဉ်သီး ၁၄၅ တန်ကို အပြန်အလှန် ပစ်ပေါက်ခဲ့ကြပါတယ်။
Ko John

စပိန်နိုင်ငံ ဘူနိုလ်မြို့ငယ်လေးမှာ သြဂုတ် ၂၈ ရက်နေ့က ကျင်းပပြုလုပ်တဲ့ La Tomatina ခရမ်းချဉ်သီး ပစ်ပေါက်ပွဲတော်ကို လူဦးရေ ၂၀,၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

(Photo: AFP/Getty Images)

နှစ်စဉ် ကျင်းပလေ့ရှိပြီး သက်တမ်း ၇၄ နှစ်ရှိပြီဖြစ်တဲ့ ခရမ်းချဉ်သီး ပစ်ပေါက်ပွဲတော် စီစဉ်သူတွေက အမှည့်လွန် ခရမ်းချဉ်းသီး ၁၄၅ တန်ကို ထရပ်ကားကြီး ခြောက်စီးဖြင့် သယ်ဆောင်ကာ ပါဝင်ဆင်နွှဲသူ လူအုပ်စုအတွင်း ပစ်ပေးခဲ့ကြပါတယ်။ ထို့နောက် ခဏအတွင်းမှာပင် ဘူနိုလ်မြို့လေးဟာ ခရမ်းချဉ်သီးအနှစ်များဖြင့် ပန်းရောင်နဲ့ အနီရောင်လွှမ်းသွားခဲ့ပြီး ပါဝင်ဆင်နွှဲသူတွေက ပျော်ရွှင်မြူးတူးနေခဲ့ကြပါတယ်။

(Photo: AFP/Getty Images)

ပွဲတော်မှာ ပါဝင်သူအချို့က မျက်လုံးမထိခိုက်စေရန် အကာအကွယ်များ တပ်ဆင်ထားကြပြီး ဘူနိုလ်မြို့ရှိ အဆောက်အအုံအချို့ရဲ့ နံရံတွေကို အစွန်းအထင်း မဖြစ်စေရန် မိုးရေခံဖျင်စများဖြင့် ဖုံးအုပ်ထားတာလည်း တွေ့ရပါတယ်။ ခရမ်းချဉ်သီး ပစ်ပေါက်ပွဲတော်ဟာ စပိန်မှာ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့ ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။ ပွဲတော်ကို ပါဝင်ဆင်နွှဲရန်အတွက် လက်မှတ်တစ်စောင်လျှင် ၁၂ ယူရိုငွေ (မြန်မာကျပ်ငွေ ၂၀,၀၀၀ ဝန်းကျင်) ကျသင့်ပါတယ်။

(Photo: AP)

လက်မှတ်စောင်ရေ ၅,၀၀၀ ကို မြို့ခံတွေအတွက် ချန်ထားပေးပြီး လက်မှတ် ၁၇,၀၀၀ ကိုတော့ အခြားနေရာမှ လာရောက်ဆင်နွှဲသူတွေကို ရောင်းချပေးတယ်လို့ သိရပါတယ်။ ခရမ်းချဉ်သီး ပစ်ပေါက်ပွဲတော်ကို ဘူနိုလ်မြို့ငယ်လေးမှာ ကလေးများကြား အစားအစာဖြင့် ပစ်ပေါက်ကြရာမှ အစပြုပြီး ၁၉၄၅ ခုနှစ်မှာ စတင်ကျင်းပခဲ့ကြတယ်လို့ ဆိုပါတယ်။ ထို့နောက် ၁၉၅၀ ပြည့်လွန် နှစ်များအတွင်း ဗိုလ်ချုပ်ကြီး ဖရန်စစ္စကို ဖရန်ကိုရဲ့ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့စဉ် ထိုပွဲတော်ကျင်းပမှုကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။

(Photo: Reuters)

သို့သော် ၁၉၈၀ ပြည့်လွန် နှစ်များမှာတော့ ခရမ်းချဉ်းသီး ပစ်ပေါက်ပွဲတော်ဟာ စပိန်နိုင်ငံတစ်ဝှမ်း ရေပန်းစားလာခဲ့ပြီး ယနေ့အချိန်အထိ ပြည်တွင်းပြည်ပမှ ပါဝင်ဆင်နွှဲသူများစွာ ရှိနေကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။ ခရမ်းချဉ်သီး ပစ်ပေါက်ပွဲတော်ကို စပိန်အရှေ့ပိုင်း ဘူနိုလ်မြို့ငယ်လေးမှာ နှစ်စဉ် သြဂုတ်လရဲ့ နောက်ဆုံး ဗုဒ္ဓဟူးနေ့မှာ ကျင်းပလေ့ရှိပါတယ်။ ဘူနိုလ်မြို့ဟာ မြေထဲပင်လယ်မှ ၁၉ မိုင်ခန့်အကွာမှာရှိပြီး ခန့်မှန်းခြေ လူဦးရေ ၉,၀၀၀ နေထိုင်ကြကာ တောင်တန်းများ ဝိုင်းရံနေတဲ့မြို့လေး ဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ


က္က