ရေငုပ်သင်္ဘောထဲမှာ ကိုကင်းပမာဏ ၃ တန်အထိ တင်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။
Ko John

စပိန်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဂလီစီယာဒေသမှာ ကိုကင်းမူးယစ်ဆေးဝါး အမြောက်အမြား တင်ဆောင်လာတဲ့ ရေငုပ်သင်္ဘောတစ်စီးကို ဖမ်းဆီးရမိခဲ့ကြောင်း အာဏာပိုင်တွေက နိုဝင်ဘာ ၂၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

(Photo: AFP)

ကိုကင်းရေငုပ်သင်္ဘောနဲ့ ဆက်စပ်နေတဲ့ အီကွေဒေါနိုင်ငံသား အမျိုးသားနှစ်ဦးကိုလည်း တနင်္ဂနွေနေ့ (နိုဝင်ဘာ ၂၄ ရက်) က ပေါ်တူဂီနဲ့ နယ်စပ်အနီး ပင်လယ်ကမ်းခြေမြို့ ကန်ဂက်စ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဂလီစီယာဒေသရှိ ဗဟိုအစိုးရကိုယ်စားလှယ်ရဲ့ ပြောခွင့်ရအမျိုးသားက ပြောခဲ့ပါတယ်။

တတိယမြောက် အီကွေဒေါ အမျိုးသားတစ်ဦးမှာ ထွက်ပြေးသွားခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။ နိုဝင်ဘာ ၂၄ ရက်နေ့က အယ်လ်ဒင်ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်မှာ ဖမ်းဆီးရမိခဲ့တဲ့ ရေငုပ်သင်္ဘောအတွင်း စုစုပေါင်းအလေးချိန် ၃ တန် (၆,၆၁၄ ပေါင်) ရှိ ကိုကင်းအထုပ် ၁၅၂ ထုပ် တွေ့ရှိခဲ့ပါတယ်။ အဆိုပါ ကိုကင်းတွေရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ဖြစ်တယ်လို့ဆိုပါတယ်။

(Photo: AFP)

"ရေငုပ်သမားတစ်ယောက်က ရေငုပ်သင်္ဘောထဲကို နိုဝင်ဘာ ၂၅ ရက်နေ့မှာ ဝင်ရောက်ခဲ့ပြီး ကိုကင်းအထုပ်တစ်ထုပ်ကို ရွှေ့ပြောင်းယူဆောင်ခဲ့ပါတယ်၊ ကိုကင်းအထုပ်တွေကို ရွှေ့ပြောင်းမှုလုပ်ဆောင်နေပါတယ်" လို့ ဂလီစီယာဒေသရှိ ဗဟိုအစိုးရကိုယ်စားလှယ်ရဲ့ ပြောခွင့်ရအမျိုးသားက AFP ကို ပြောပါတယ်။ စပိန်သတင်းတွေရဲ့ အဆိုအရ ကိုကင်းပမာဏ အများအပြား တင်ဆောင်လာတဲ့ ရေငုပ်သင်္ဘောဟာ ကိုလံဘီယာနိုင်ငံမှ ထွက်ခွာလာခဲ့တယ်လို့ သိရပါတယ်။

စပိန်ရဲတပ်ဖွဲ့က အဆိုပါ ရေငုပ်သင်္ဘောဟာ တောင်အမေရိကနေ ခုတ်မောင်းလာခဲ့ရာ လမ်းတစ်လျှောက်လုံး ကိုကင်းများ တင်ဆောင်လာခဲ့ခြင်းဟုတ် မဟုတ် သိရှိနိုင်ရန် စုံစမ်းစစ်ဆေးနေပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေက လက်တင်အမေရိကမှ အမေရိကန်သို့ မူးယစ်ဆေးဝါးများ မှောင်ခိုတင်သွင်းကြရာမှာ ရေငုပ်သင်္ဘောတွေကို အသုံးပြုမှုတွေရှိလာပါတယ်။

(Map: AFP)

အထူးသဖြင့် ကိုလံဘီယာမှ မူးယစ်ဆေးဝါးကုန်သည်တွေက ကိုကင်းတွေကို မက္ကစီကိုနိုင်ငံသို့ ရေငုပ်သင်္ဘောများသုံးပြီး ပို့ဆောင်ကြကာ ထိုမှတစ်ဆင့် အမေရိကန်နိုင်ငံအတွင်းကို တင်သွင်းနေကြတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ကိုလံဘီယာရေတပ်ရဲ့ အကူအညီဖြင့် အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က အလေးချိန် ၅ တန်ကျော်ရှိ ကိုကင်းများတင်ဆောင်လာတဲ့ ရေငုပ်သင်္ဘောတစ်စီးကို တောင်အမေရိကန်ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်မှာ ကြားဖြတ်ဟန့်တား ဖမ်းဆီးခဲ့ပါတယ်။

(Photo: AFP)

မူးယစ်ဆေးဝါးဂိုဏ်းတွေက အလုပ်လက်မဲ့ဖြစ်နေပြီး ငွေလိုနေတဲ့ အင်ဂျင်နီယာတွေကို ရေငုပ်သင်္ဘောများ မကြာခဏ ပုံစံထုတ်တည်ဆောက်ခိုင်းတတ်ကြကြောင်း အမေရိကန်အခြေစိုက် Centre for International Maritime Security (CIMSEC) မှ ကာကွယ်ရေးနဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ လေ့လာဆန်းစစ်သူ ဝီလ်ဒါအလီဂျန်ဒရိုဆန်ချက်ဇ်က ပြောပါတယ်။

မူးယစ်ဆေးဝါး သယ်ဆောင်ရာမှာ အသုံးပြုကြတဲ့ ရေငုပ်သင်္ဘောတွေဟာ အကြီးစား ရေငုပ်သင်္ဘောတွေကဲ့သို့ ရေအောက်အနက်ကနေ ခုတ်မောင်းနိုင်ခြင်းမရှိပေမဲ့ အချို့ဟာ ရေအောက်အနက် ပေ ၁၀၀ နီးပါးအထိ ရေငုပ်သွားနိုင်ကြောင်း သိရပါတယ်။


က္က