ဝန်ကြီးချုပ်နဲ့ လက်ထောက်ဝန်ကြီးချုပ်တို့ နုတ်ထွက်ရန်နဲ့ lockdown အပြည့်အဝ ရုပ်သိမ်းရန် တောင်းဆိုခဲ့ကြပါတယ်။

စပိန်နိုင်ငံမှာ အစိုးရရဲ့ COVID-19 ကူးစက်ဖြစ်ပွားမှုအပေါ် တုံပြန်ဆောင်ရွက်မှုနဲ့ lockdown အစီအမံကို ကားများ စီတန်းမောင်နှင်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြရာ လူဦးရေထောင်နဲ့ချီ ပါဝင်ခဲ့ကြပါတယ်။

(Photo: Alvaro Barrientos/AP)

မေ ၂၃ ရက်နေ့က ဆန္ဒပြပွဲမှာ ပါဝင်ကြသူတွေကို မြို့ကြီးများတစ်လျှောက် ကားများမောင်းနှင်လာကြရန်နဲ့ ခပ်ခွာခွာဖြစ်နေကြရန် မိမိတို့ကားဆီကနေ အခြားနေရာများသို့ ထွက်ခွာမလာကြရန် လက်ယာစွန်းပါတီ Vox က တိုက်တွန်းခဲ့ပါတယ်။ စပိန်မြို့တော် မက်ဒရစ်မြို့မှာ ဆန္ဒပြသူတွေက ကာများ စီတန်းမောင်းနှင်လာပြီး စပိန်အလံများ ဝှေ့ယမ်းလာခဲ့ကြပါတယ်။



ဆန္ဒပြသူတွေက ဆိုရှယ်လစ်ဝါဒီ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်ချက်နဲ့ လက်ဝဲစွန်းပါတီ Podemos ကို ဦးဆောင်သူ လက်ထောက်ဝန်ကြီးချုပ် ပက်ဘလိုအစ်ဂ်လီဆီယက်စ်တို့ကို COVID-19 ကူးစက်ဖြစ်ပွားအ‌ပေါ် ကိုင်တွင်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ကြပါတယ်။

(Photo: Manu Fernandez/AP)

စပိန်နိုင်ငံဟာ ဥရောပမှာ COVID-19 ထိန်းချုပ်ရေး အတင်းကျပ်ဆုံး ပိတ်ပင်ကန့်ချက်တွေ ချမှတ်ခဲ့တဲ့ နိုင်ငံအချို့အနက် ပါဝင်ခဲ့ပြီး မတ် ၁၄ ရက်နေ့မှစတင်ကာ lockdown လုပ်ထားခဲ့ပါတယ်။ လတ်တလော သီတင်းပတ်များအတွင်းမှာတော့ ပိတ်ပင်ကန့်သတ်ထားမှုတွေကို ဖြေလျှော့ပေးခဲ့ပေမဲ မက်ဒရစ်နဲ့ ဘာစီလိုနာတို့မှာ တင်းကျပ်တဲ့ lockdown ပိတ်ပင်ကန့်သတ်မှုတွေ ချမှတ်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

မက်ဒရစ်နဲ့ ဘာစီလိုနာဟာ စပိန်နိုင်ငံမှာ COVID-19 ကူးစက်ဖြစ်ပွားမှု ပိုမိုဆိုးရွားခဲ့တဲ့ နေရာတွေဖြစ်ကြောင်း သိရပါတယ်။ မက်ဒရစ်နဲ့ ဘာစီလိုနာမှာ ပိတ်ပင်ကန့်သတ်ချက်တွေကို လာမယ့် တနင်္လာနေ့ (မေ ၂၅ ရက်) မှာ စတင်ဖြေလျှော့ပေးရန် စီစဥ်ထားပြီး စားသောက်ဆိုင်တွေမှာ စားသောက်ခွင့်နဲ့ လူ ၁၀ ဦးအထိ စုဝေးမှုတွေကို ခွင့်ပြုမှာဖြစ်ပါတယ်။

(Photo: S. Perez/Reuters)

ထို့အတူ စပိန်လာလီဂါ ဘောလုံးပွဲတွေကိုလည်း ဇွန်လ ၈ ရက်နေ့မှာ ပြန်လည်စတင်ခွင့်ပြုထားကြောင်း သိရပါတယ်။ စပိန်မှာ နှစ်လကြာ lockdown လုပ်ထားမှုအတွင်း ဟိုတယ်များ၊ ဘားဆိုင်များနဲ့ စားသောက်ဆိုင်များ၊ ကမ်းခြေများနဲ့ အခြား ပြင်ပသွားလာလည်ပတ်စရာ နေရာများကို ပိတ်ပင်ထားစေခဲ့ပါတယ်။

ထိုသို့ lockdown အစီအမံများဖြင့် ဆောင်ရွက်ခဲ့တာကြောင့် ယခုအခါ COVID-19 ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ပြီး နေ့စဥ် သေဆုံးမှုလည်း တဖြည်းဖြည်း လျော့နည်းလာခဲ့ကြောင်း စပိန်အစိုးရက ပြောပါတယ်။ သို့သော် လက်ယာစွန်းရောက် ဆန္ဒပြသူတွေကတော့ lockdown လုပ်ထားမှုကို အပြည့်အဝ ရုပ်သိမ်းရန် တောင်းဆိုခဲ့ကြပြီး lockdown ကြောင့် အလုပ်အကိုင်နဲ့ စီးပွားရေးကို သက်ရောက်ထိခိုက်မှုတွေရှိကြောင်း ပြောဆိုကြပါတယ်။

(Photo: AP)

စပိန်မှာ COVID-19 ဂယက်ကြောင့် မတ်လတစ်လတည်း အလုပ်လက်မဲ့ဦးရေ တစ်သန်းနီးပါးရှိခဲ့ပြီး နိုင်ငံရဲ့စီးပွားရေးဟာ ယခုနှစ်မှာ ၁၂ ရာခိုင်နှုန်းအထိ ကျုံ့သွားမယ်လို့ ခန့်မှန်းထားပါတယ်။ ယနေ့ (မေ ၂၄ ရက်) မနက်ပိုင်းအထိ စပိန်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၂၈၂,၀၀၀ ကျော်၊ သေဆုံးသူ ၂၈,၆၀၀ ကျော်နဲ့ ပြန်လည်သက်သာလာသူ ၁၀၀,၀၀၀ ကျော်ရှိကြောင်း သိရပါတယ်။

Source: RT, BBC, DW


ဆက်စပ်အကြောင်းအရာများ



က္က