၂၀၁၄ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံရဲ့ ပထမဆုံး အရပ်သားဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ စစ်တပ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ချန်အိုချာကို ဝန်ကြီးချုပ်အဖြစ် လွှတ်တော်က မဲပေးရွေးချယ်လိုက်ကြောင်း သိရပါတယ်။ ဇွန် ၅ ရက် နှောင်းပိုင်းမှာ လွှတ်တော်အမတ်တွေက မဲခွဲရွေးချယ်ခဲ့မှုအရ ပရာယွတ်ဟာ ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ထိုင်းနိုင်ငံရဲ့ ပထမဆုံး အရပ်သားဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

(ထိုင်းစစ်တပ်က ရွေးချယ်ခန့်အပ်ခဲ့သည့် အထက်လွှတ်တော်အမတ်များ) (Photo: Gemunu Amarasinghe/AP)

ထိုင်းလွှတ်တော်နှစ်ရပ်အနက် အထက်လွှတ်တော်မှာ ရွေးကောက်ခံမဟုတ်ဘဲ စစ်တပ်က ရွေးချယ်ခန့်အပ်တဲ့ လွှတ်တာ်အမတ် ၂၅၀ ပါရှိနေပြီးသားဖြစ်ရာ စစ်တပ်အာဏာသိမ်းခေါင်းဆာင် ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ကိုသာ ဝန်ကြီးချုပ်အဖြစ် မဲပေးရွေးချယ်ကြလိမ့်မယ်လို့ ယခင်ကတည်းက ခန့်မှန်းမျှော်လင့်ထားခဲ့ကြတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၄ ရက် ရွေးကောက်ပွဲမှာတော့ ထိုင်းပြည်သူတွေက အောက်လွှတ်တော်အမတ်နေရာ ၅၀၀ အတွက် မဲပေးရွေးချယ်ခဲ့ကြပါတယ်။ ဇွန် ၅ ရက် နှောင်းပိုင်းက ထိုင်းလွှတ်တော်မှာ ဝန်ကြီးချုပ်သစ်အတွက် မဲခွဲခဲ့ကြရာ ပရာယွတ် မဲအရေအတွက် ၅၀၀ ရရှိခဲ့ပြီး အဓိကပြိုင်ဘက်ဖြစ်သူ အသက် ၄၀ နှစ်အရွယ် ဘီလျံနာ သာနာသွန်း ဂျူအန်ဂရွန်း ဂရူအန်ကစ်က ၂၄၄ မဲရရှိခဲ့တယ်လို့ သိရပါတယ်။

(ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ချန်အိုချာ) (Photo: Telegraph)

အသက် ၆၅ နှစ်အရွယ် ပရာယွတ်ရဲ့ Palang Pracharat (PPRP) ပါတီက ရွေးကောက်ပွဲမှာ မျှော်မှန်းထားတာထက် ပိုပြီးအခြေအနေကောင်းခဲ့တယ်လို့လည်း ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ ၁၃ နှစ်အတွင်း စစ်အာဏာသိမ်းမှုများ၊ လမ်းမပေါ် အကြမ်းဖက်ဆန္ဒပြမှုများနဲ့ အရပ်သားအစိုးရများ သက်တမ်းတိုခဲ့မှုတွေ ကြုံခဲ့ရပြီးနောက် ခါးသီးတဲ့ နိုင်ငံရေးအုပ်စုကွဲမှုတွေ ရှိနေဆဲဖြစ်ပါတယ်။

အဓိကအားဖြင့် စစ်တပ်ပါဝင်တဲ့ ကွန်ဆာဗေးတစ်အုပ်စုနဲ့ ဒီမိုကရေစီလိုလားတဲ့ ပါတီများကြား နိုင်ငံရေးပြိုင်ဆိုင်မှုတွေ ရှိနေပါတယ်။ ဒီမိုကရေစီလိုလားတဲ့ ပါတီတွေကိုတော့ အောက်ခြေနဲ့ အလယ်အလတ် လူတန်းစားအများအပြား အပါအဝင် လူငယ်တွေက အားပေးထောက်ခံကြပါတယ်။

(Future Forward ပါတီခေါင်းဆောင် သာနာသွန်း) (Photo: AFP)

ဝေဖန်သူတွေကတော့ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရတဲ့ ပရာယွတ်ဟာ အခွင့်ထူးခံလူတန်းစား အနည်းကိုသာ ကိုယ်စားပြုကြောင်းနဲ့ အရပ်သားခေါင်းဆောင်းတစ်ဦးအဖြစ် နိုင်ငံကိုအုပ်ချုပ်ရန် အမြင်မရှိသူလို့ ပြောကြကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။ ပရာယွတ်ဟာ ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်အစိုးရကို ဦးဆောင်လာခဲ့ပေမဲ့ ထိုင်းနိုင်ငံရဲ့ စီးပွားရေး၊ လူတန်းစားမညီမျှမှုနဲ့ နိုင်ငံရေးအုပ်စု ကွဲပြားမှုတွေကို ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ခြင်း မရှိကြောင်း ဝေဖန်သူတွေက ထောက်ပြကြပါတယ်။

(ထိုင်းမှာ ဒီမိုကရေစီလိုလားသူများ ဆန္ဒပြမှုမြင်ကွင်းတစ်ခု) (Photo: Kyodo/Getty Images)

ဝန်ကြီးချုပ်နေရာအတွက် ပရာယွတ်နဲ့ အဓိက ယှဉ်ပြိုင်ခဲ့သူ ဘီလျံနာသာနာသွန်းကတော့ ဒီမိုကရေစီလိုလားသူတေအတွက် အလုပ်ပိုလုပ်သွားမယ်လို့ ဆိုပါတယ်။ "အာဏာရှင်တွေဟာ အပြောင်းအလဲ တိုက်ခတ်မှုကို အမြဲတမ်း တောင့်မခံနိုင်ကြပါဘူး" လို့ သာနာသွန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ ယခုနှစ် ထိုင်းရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၅၁.၄ သန်းအနက် ၈၀ ရာခိုင်နှုန်း မဲပေးခဲ့ကြတယ်လို့ ရွေကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က